News

POST TYPE

REGIONAL

ကနီမြို့တွင် ကိုဗစ်ပိုးကူးစက်ခံရသူသုံးဦးတွေ့သဖြင့် ဆိုင်ထိုင်စားခွင့်ပိတ်
20-Jan-2021
မုံရွာ၊ ဇန်နဝါရီ ၁၉

ကနီမြို့တွင် ကိုဗစ်ပိုးကူးစက်ခံရ သူသုံးဦးတွေ့သဖြင့် ဆိုင်ထိုင်စားခွင့် ၁၅ ရက်ပိတ်လိုက်သည်ဟု မြို့ခံများထံမှ သိရသည်။ 

ကနီမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး အနံ့ပျောက်သဖြင့် ဇန်နဝါရီ ၁၉ ရက်နေ့က RDT test kits ဖြင့် ဆေးစစ် ကြည့်ရာမှ ကိုဗစ်ပိုးတွေ့ခဲ့ပြီး ဆက်စပ်သူနှစ်ဦးတွင်လည်း ပိုးတွေ့ခဲ့ကြောင်း ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနထံမှလည်း သိရသည်။

အမှတ်၂ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသမီးမှာ မုံရွာမြို့သို့ ဇန်နဝါရီ ၁၃ ရက်နေ့က မိတ်ဆက်ဈေးနှင့် မိုဘိုင်းလ်ဖုန်းဆိုင်တစ်ဆိုင်သို့ ဈေးဝယ်သွားခဲ့ပြီး အပြန်တွင် ဖျားနေသဖြင့် ပြင်ပဆေးခန်းသို့ သုံးရက် ဆက်တိုက်ဆေးကုသခဲ့ကြောင်း၊ ယမန်နေ့က အနံ့ပျောက်ခဲ့သဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ဆေးစစ်ရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရခြင်းဖြစ်သည်ဟု ကနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြောကြားသည်။

"သူနဲ့အတူ မုံရွာသွားတဲ့လေးဦးမှာ သုံးဦးပိုးတွေ့တာ။ ဒေသတွင်းကူးစက်မှုဆိုတာထက် မုံရွာကနေ ကူးလာတာပေါ့၊ ဒါကြောင့် နောက်ထပ် ကူးစက်မှုတွေ မဖြစ်အောင် မြို့ပေါ်က စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားခွင့် ၁၅ ရက် ပိတ်လိုက်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။  

ပိုးတွေ့သူသုံးဦးသည် ကနီမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမည်ဖြစ်ပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူ ၁၅ ဦးကိုမူ Quarantine စင်တာသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဦးသိုက်စိုးထွန်းက ထပ်မံရှင်းပြသည်။

ကနီမြို့တွင် ထပ်မံကူးစက်မှု မဖြစ်ပွားစေရန် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တို့ကို ဆိုင်ထိုင်စားခွင့် ၁၅ ရက်ပိတ်ကာ ပါဆယ်စနစ်သာ ခွင့်ပြုမည်ဟု ကနီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ချိန်မှ လက်ရှိအချိန်အထိ ကိုဗစ်ပိုးတွေ့သူ ၂၃ ဦး ရှိပြီဖြစ်ရာ ၂၀ ဦးမှာ ဆေးရုံဆင်းခွင့်ရရှိထားပြီဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်အရသိရသည်။ 

R-08