News

POST TYPE

REGIONAL

ရဲအချုပ်ခန်းမှ အချုပ်သားသေဆုံးမှု စုံခုံဖွဲ့စစ်မည်
12-Aug-2020


ပုသိမ်၊ သြဂုတ် ၁၁ 

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းနယ်မြေရဲစခန်း၏ အချုပ်ခန်းအတွင်း အချုပ်သားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့မှုအတွက် ရဲစခန်းတာဝန်ရှိသူများကို ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့ဖွဲ့ကာ စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။

သြဂုတ်လ ၉ ရက်နေ့နံနက်ပိုင်းက စက်လှေခိုးမှုဖြင့် ဖမ်းဆီးထားသည့် အချုပ်သားကျော်သက်ဦး (ခ) မာမီကျော် အသက်ရှူကျပ်ကာ အမောဖောက်နေသည့်အတွက် ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားသည့်ဖြစ်စဉ်တွင် မြင်းကကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းများက သေဆုံးသည်အထိ ညှဉ်းပန်းရိုက်နှက်စစ်ဆေးခဲ့ခြင်း ရှိမရှိ သိရှိနိုင်ရန် စစ်ဆေးခြင်းဖြစ်သည်။

"အချုပ်ထဲက လူတစ်ယောက်သေသွားပြီဆိုတော့ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီးစစ်မယ်။ စစ်ဆေးပေါ်ပေါက်ချက်အတိုင်း အရေးယူမှာပါ။ ဖျာပုံခရိုင်မှာ ခုံရုံးဖွဲ့ပြီးစစ်ဆေးမှာပါ" ဟု ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက The Voice Daily သို့ ပြောဆိုသည်။

အသက် ၂၆ နှစ်အရွယ် သေဆုံးသူ ကျော်သက်ဦး (ခ) မာမီကျော်ကို သက်သေခံပစ္စည်းများ သိမ်းဆည်းရန်နှင့် စစ်ဆေးရန် ချုပ်မိန့်ရမန်ဖြင့် ချုပ်နှောင်ထားစဉ် သေဆုံးခဲ့ခြင်းဖြစ်ရာ သေဆုံးမှုနှင့်ပတ်သက်၍ မြင်းကကုန်းရဲစခန်းမှူး ဇော်မျိုးထက်က ဥပဒေနှင့်အညီဆောင်ရွက်မှုကို နာခံသွားမည်ဖြစ်ပြီး ၎င်းတွင်အပြစ်ရှိပါက ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးခြင်းကို ခံယူမည်ဖြစ်ကြောင်း ပြောကြားသည်။

"စစ်ဆေးမှုက ငါးဆယ်ရာခိုင်နှုန်းပဲ ပြီးသေးတယ်။ ဓာတုဗေဒဝန်ရုံးကို ဆက်ပို့ရမယ်။ လောလောဆယ် ပြောနိုင်တဲ့ဟာကတော့ သူ့မှာရရှိထားတဲ့ဒဏ်ရာက သေလောက်တဲ့ ဒဏ်ရာမဟုတ်သေးဘူးဗျ။ အခြား အကြောင်းတစ်ခုတော့ရှိမယ်။ အဲဒါကိုအခုအချိန်မှာ ပြောလို့မရသေးဘူး။ ကျန်တဲ့အခြေအနေတွေ ကြည့်ပြီးတော့မှ ပြောလို့ရပါမယ်" ဟု မြင်းကကုန်း တိုက်နယ်ဆေးရုံမှ ဆရာဝန် ဒေါက်တာစည်သူအောင်က ပြောဆိုသည်။

လတ်တလောတွင် အချုပ်သား ကျော်သက်ဦး (ခ) မာမီကျော် သေဆုံးမှုအတွက် မြင်းကကုန်းနယ်မြေရဲစခန်းက  သေမူသေခင်းရေးဖွင့်ထားကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-04