News

POST TYPE

REGIONAL

ကျိုင်းတုံမြို့ရှိ အခမဲ့ Food Box တွင် ကျောင်းသုံးစာရေးကိရိယာများပါ ထားရှိမည်
07-Jul-2019



ကျိုင်းတုံ၊ ဇူလိုင် ၆

ကျိုင်းတုံမြို့ အဝေးပြေးကားကြီးကွင်းရှိ ရွှေထီးအဆင့်မြင့် အမြန်ယာဉ်ငယ်အသင်းဂိတ်တွင် ပထမဆုံး အခမဲ့ Food Box ကို ဇူလိုင်လ ၄ ရက်က အစားအစာများထားရှိခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများ ထပ်မံထားရှိမည်ဖြစ်ကြောင်း ယင်းဂိတ်ပိုင်ရှင် ဒေါ်စောသိင်္ဂီမြင့်က ပြောကြားသည်။

“Food Box လုပ်ဖြစ်တဲ့ ရည်ရွယ်ချက်က ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် ခရီးသွားပြည်သူတွေ အစားအစာတွေ စားသောက်စေချင်လို့ပါ။ တချို့ခရီးသွားတွေဆို လမ်းစရိတ်ပြတ်ပြီး ရေတောင်သောက်စရာမရှိတာ တွေ့ရတယ်။ ကျောင်းသားတွေအတွက် ဗလာစာအုပ်နဲ့ ခဲတံတွေ ထပ်ပြီးတော့ထားပေးဦးမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အဝေးပြေးကားကြီးကွင်းအတွင်းရှိ ယာဉ်လိုင်းတစ်ခုမှ အမျိုးသားတစ်ဦးက “မုန့်တွေနဲ့သောက်ရေဘူးတွေကို ခရီးသွားတွေကော ကျောင်းသားကျောင်းသူတွေကော စားချင်သလောက် ယူသွားတာတွေ့ရသလို ပညာရေးကောလိပ်က ကျောင်းသူတွေကလည်း စားသောက်စရာတွေ လာလှူပေးတာတွေ့တယ်” ဟု ပြောကြားသည်။

ကျိုင်းတုံမြို့၏ ပထမဆုံး Food Box တွင် မုန့်မျိုးစုံ၊ အချိုရည်နှင့် ရေအပါအဝင် အသိပညာများတိုးပွားစေသည့် စာအုပ်စာပေများ (ဖတ်ပြီးပါက ပြန်လာထားရန်) ကို ထားရှိကြောင်း၊ စေတနာရှင်များအနေနှင့် အစားအစာ၊ ရေနှင့် အချိုရည်ဘူးများ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

R-16