News

POST TYPE

REGIONAL

တောင်သူများနှင့် မြစ်ကျောက်လုပ်ငန်းရှင်များ အပြန်အလှန်အမှုဖွင့်
06-Jul-2019

ဟင်္သာတ၊ ဇူလိုင် ၆

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် စိန်တုံးကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်း၊ ကွင်း အမှတ် ၃၅ တွင် မြစ်ကျောက်ထုတ်ယူနေသည့်လုပ်ငန်းရှင်နှင့် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ရွှေကူကျွန်းရှိ ဒေသခံတောင်သူများက ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့က အပြန်အလှန် အမှုဖွင့်ခဲ့ကြောင်း နှစ်ဖက်ကာယကံရှင်များထံမှ သိရသည်။ 

၂၀၁၉ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စတင်ရရှိထားသည့် ပဲခူးတိုင်း တရားဝင် မြစ်ကျောက်လုပ်ကွက်၌ စက်လှေများဖြင့်ထုတ်ယူနေစဉ် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်ရှိ၊ ရွှေကူကျွန်းတောင်သူများက လေးခွနှင့်ပစ်ခတ်၍ ဓာတ်ဆီပုလင်းကို ပေါက်ကွဲစေသည့်အရာအဖြစ် ဖန်တီးကာ ပစ်ခတ်မီးရှို့ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုများကြောင့် စက်လှေစက်ခန်းအတွင်း မီးလောင်ခြင်း၊ စက်လှေလုပ်သားတစ်ဦး၏ လက်ချောင်းငါးချောင်း ဒဏ်ရာများရရှိခဲ့ခြင်းတို့ကြောင့် အမှုဖွင့်ခဲ့ကြောင်း တရားလိုပြုလုပ်တိုင်တန်းသူ လုပ်ငန်းရှင် ဦးနေမျိုးဝင်းက ပြောကြားသည်။

လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသည်ဆိုသော်လည်း တောင်သူများ၏ဟန့်တားမှုကြောင့် လုပ်ငန်းရပ်တန့်ထားသည့် ရက်များခဲ့ကြောင်း၊ ယင်းကဲ့သို့ ဟန့်တားမှုမျိုးကို လေးကြိမ်အထက်ပြုလုပ်ခဲ့ခြင်းကြောင့် မေလ ၅ ရက်နေ့က ပထမအကြိမ် အမှုဖွင့်ခဲ့ကြောင်း၊ ဇူလိုင်လ ၄ ရက်နေ့က အမှုဖွင့်လှစ်ထားခြင်းအပေါ် သာရဝေါ နယ်မြေရဲတပ်ဖွဲ့စခန်းက (ပ) အမှတ် ၇၈/ ၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၄/ ၁၁၄ ဖြင့် လက်ခံစစ်ဆေးနေကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

“လေးခွနဲ့အရင်ပစ်တယ်၊ ဓားနဲ့ပစ်တယ်။ ဓာတ်ဆီပုလင်း မီးရှို့ပစ်တာက ပထမအကြိမ် စက်ခန်းထဲရောက်ပြီး ကျွန်တော် ဒဏ်ရာရတယ်။ ဒုတိယတစ်လုံးက ပစ်တဲ့တောင်သူ ဦးဌေးဝင်း ကိုယ်ပေါ်မှာတင် ဖိတ်စဉ်မီးလောင်ပြီး ရေထဲခုန်ချလိုက်တာတွေ့တယ်”ဟု ဒဏ်ရာရရှိခဲ့သည့် အသက် ၂၈ နှစ်အရွယ် စက်လှေလုပ်သား ဦးစောဗလက ဆိုသည်။

ကမ်းပါးများပြိုကျခြင်းကြောင့် မြစ်ကျောက်စုပ်လုပ်ငန်းများ ရပ်တန့်ပေးရန် ဒေသခံတောင်သူများက သွားရောက်ပြောဆိုခဲ့သော်လည်း ဧရာဝတီမြစ်ကြောင်း ဟင်္သာတနယ်နိမိတ်အတွင်း ကျူးကျော်၍ တရားမဝင် မြစ်ကျောက် ခိုးထုတ်နေသည့် စက်လှေ ၁၂ စီးက ဆက်လက်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းအပြင် စက်လှေတစ်စီးပေါ်မှ အမည်မသိအမျိုးသားတစ်ဦးက ဓာတ်ဆီပုလင်းဖြင့် မီးရှို့ပစ်ခတ်ခဲ့ခြင်းကြောင့် တောင်သူဦးဌေးဝင်းဆိုသူ၏ လက်ခုံများတွင် ဒဏ်ရာများရရှိခဲ့သည်ဟုဆိုကာ အမှုဖွင့်ခဲ့သဖြင့် ဟင်္သာတမြို့မစခန်း (ပ) အမှတ် ၇၁၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့်ပေးထားကြောင်း မြို့မစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမြစ်ကျောက်စုပ်လုပ်ငန်းများကြောင့် ကမ်းပါးများပြိုကျပြီး ရွှေကူကျွန်း၊ ပခန်းကျွန်း၊ တောင်လုံးစု၊ ဖောင်ချောင်း၊ ရွာလေးနှင့် စစ်ကုန်းစသည့် ကျေးရွာများမှ ကိုင်းစိုက်ခင်းများဆုံးရှုံး နစ်နာခဲ့ရကြောင်း ဒေသခံတောင်သူများက ပြောကြားသည်။

ပဲခူးတိုင်း မြစ်ကျောက်လုပ်ကွက်များကို အခြေခံ၍ ဧရာဝတီရေလမ်းကြောင်းနယ်နိမိတ်အတွင်း ကျောက်စုပ်စက်လှေအစီးရေ ၄၀ ကျော်ဖြင့် ကျူးကျော်ဝင်ရောက်ထုတ်ယူနေခြင်းဖြစ်ပြီး အဆိုပါ စက်လှေများက ဟင်္သာတမြို့ ကမ်းများအနီး ကပ်လျက် တစ်နေရာမှတစ်နေရာသို့ နေ့စဉ်ပြောင်းလဲထုတ်ယူနေမှုကို ဒေသခံများ သည်းခံမှာမဟုတ်တော့ဘဲ ထိရောက်စွာ အရေးယူနိုင်ရန် ဟန့်တားသွားမှာဖြစ်ကြောင်း ရွှေကူကျွန်းရွာမှ ဒေသခံတောင်သူ ဦးသန်းထွန်းက ပြောဆိုသည်။

ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့များညှိနှိုင်းကာ လုပ်ပိုင်ခွင့်ချထားပေးမည်ဆိုပါက တိုင်းဒေသကြီးနှစ်ခုစလုံးအတွက် ပေးသင့်ကြောင်း၊ လက်ရှိအခြေအနေအရ ဧရာဝတီတိုင်းလုပ်ကွက်များကို ပိတ်သိမ်းထားပြီး ပဲခူးတိုင်းလုပ်ကွက်များကိုချထားပေးခြင်းကြောင့် ဧရာဝတီမြစ်ကြောင်းအတွင်း ပဋိပက္ခများဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင်၊ မြစ်ကျောက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

R-13