News

POST TYPE

REGIONAL

ဟားခါးမြို့သစ် စီမံကိန်းဧရိယာရှိ ကျူးကျော်နေအိမ်များကို ရှင်းလင်းမည်
06-Jul-2019
ကလေး၊ ဇူလိုင် ၆

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ ဟားခါးမြို့သစ် စီမံကိန်းဧရိယာအတွင်း ဝင်ရောက်နေထိုင်သည့် ကျူးကျော်နေအိမ်များ ဇူလိုင်လအတွင်း ဖယ်ရှားပေးရန် ညွန်ကြားထားကြောင်း ချင်းပြည်နယ် လျှပ်စစ်၊ စက်မှုလက်မှုနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနဝန်ကြီး ဦးစိုးထက်က ပြော ကြားသည်။

ဟားခါးမြို့သစ် စီမံကိန်းဧရိယာအဖြစ် ဟားခါးမြို့မှ ထန်တလန်မြို့သွား ကားလမ်း ဟားခါးမြို့အထွက် ဂေါက်ကွင်းအနီး ဧက ၆၀၀ ကျော်ကို ပြည်နယ်အစိုးရက ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါနေရာတွင် ပြည်နယ်အစိုးရအဖွဲ့က ကားလမ်းဖောက်ပေးပြီးနောက် လူနေအိမ်များ တည်ဆောက်နေထိုင်ခဲ့ကြရာ ဇူလိုင်လဆိုပါက အိမ်ခြေပေါင်း ၁၃၀ နီးပါးရှိနေပြီဖြစ်ရာ ယင်းသို့ လာရောက်ကျူးကျော်နေထိုင်သူများအနေနှင့် ဇူလိုင်လအတွင်း ဖယ်ရှားခြင်းမပြုလုပ်ပါက ပြည်နယ်အစိုးရအဖွဲ့က စက်ယန္တရားများဖြင့် ရှင်းလင်းမည်ဟု ဇွန်လအတွင်းက စတင်ကြေညာထားခဲ့ပြီးဖြစ်ကြောင်း ဟားခါးမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“အခု ဖယ်မယ်ဆိုတဲ့ဟာကလည်း စီမံကိန်းလုပ်နေတုန်းမှာမှ တစ်ခါတည်းရလိုတဲ့ လောဘဇောနဲ့ ချက်ချင်း ညတွင်းချင်း အိမ်တစ်လုံး ဆောက်လိုက်တယ်။ ဒါပြီး တစ်ရက် နှစ်ရက်အတွင်း အိမ်တစ်လုံး ဆောက်လိုက်တယ်။ အဲဒီလို ကျူးကျော်လာတာကို ဖယ်ရှားမယ်”ဟု ဝန်ကြီးဦးစိုးထက်ကဆိုသည်။

ဖွံ့ဖြိုးရေးစီမံကိန်းဧရိယာအတွင်း စီမံကိန်း မစတင်မီကတည်းက နေထိုင်ခဲ့သည့် လူနေအိမ် ၁၀ လုံးရှိပြီး အဆိုပါနေအိမ်များလည်း ဖယ်ရှားရမည်ဖြစ်ကြောင်း၊ သို့သော် အဆိုပါနေအိမ်များအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုကို ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျူးကျော်သည့်နေအိမ်များကိုမူ သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက စက်ကြီးများဖြင့် ဖယ်ရှားရှင်းလင်းမည်ဖြစ်သည်။

ဟားခါးမြို့ပြ စီမံကိန်းဧရိယာအတွက်ဆိုကာ ပြည်နယ်အစိုးရအဖွဲ့က မြေယာများ သိမ်းဆည်းခဲ့သည့်အပေါ် ဘိုးဘွားပိုင်မြေများကို မတရားသိမ်းယူသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်ပွဲကို ဟားခါးမြို့ နေထိုင်သူများက ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

R-20