News

POST TYPE

REGIONAL

မြိတ်တွင် နေအိမ်တစ်အိမ် ရွှေ ခုနှစ်ဆယ်ကျပ်သားခန့် ဖောက်ထွင်းခံရ
06-Jul-2019


မြိတ်၊ ဇူလိုင် ၆

မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အထက (၁) ကျောင်းအနီးရှိ နေအိမ်တစ်ဆောင် ဖောက်ထွင်းခံရပြီး လက်ဝတ်လက်စားမျိုးစုံ ရွှေထည် ခုနှစ်ဆယ်ကျပ်သားခန့်နှင့် ငွေကျပ် လေးသိန်းခန့် ဖောက်ထွင်းခံခဲ့ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။

ကာယကံရှင် မိသားစု ရန်ကုန်သို့ သွားရောက်ဆေးကုသနေစဉ် ဖောက်ထွင်းခံရခြင်းဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့ နေအိမ်ပြန် ရောက်ချိန်တွင်သိရှိခဲ့ရကြောင်း ကာယကံရှင် ဒေါ်ရီရီအေးက ပြောပြသည်။

“အိမ်ထဲဝင်ဝင်ခြင်း ဗီဒိုတွေ အဝတ်အစားတွေ ရှုပ်ပွပြီး တစ်အိမ်လုံးရှာဖွေ မွှေနှောက်ထားတယ်"ဟု ၎င်းကပြောသည်။

ဖောက်ထွင်းသူသည် ယင်းနေအိမ်ရှိ ရေချိုးခန်းအမိုးမှတစ်ဆင့် ဖောက်ထွင်းကာ အိမ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဗီရိုအားရိုက်ဖွင့်ကာ ရွှေထည်ပစ္စည်းများ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယင်းအိမ်နှင့် မလှမ်းမကမ်းတွင် ခြံစောင့်မိသားစု သုံးဦးနေထိုင်နေကြပြီး မည်သည့်နေ့တွင် ဖောက်ထွင်းမှန်း ၎င်းတို့လည်း သိရှိခြင်းမရှိဟု ကာယကံရှင်မိသားစုကပြောပြသည်။

“ခေါ်ပြမှ သူတို့လည်း အံ့အားသင့်နေကြတယ်”ဟု ဒေါ်ရီရီအေးက ပြောသည်။

ဖောက်ထွင်းခံရမှုနှင့်ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်နေ့ နံနက်တွင် မြိတ်မြို့၊ မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း ကာယကံရှင် မိသားစုနှင့် မြိတ်မြို့ မြို့မရဲစခန်းမှ သိရသည်။

Dawei Watch