News

POST TYPE

REGIONAL

ပုဂ္ဂလိက စက်သုံးဆီဆိုင်များကို အရည်အသွေးမပြည့်မီသည့် ဆီအမျိုးအစားအလိုက် ဒဏ်ရိုက်
04-Jul-2019

မော်လမြိုင်၊ ဇူလိုင် ၎

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များကို ရှောင်တခင် စစ်ဆေးရာတွင် အရည်အသွေးမပြည့်မီသည့် ဆီဆိုင်များရှိနေပြီး အရည်အသွေး မပြည့်မီသည့် ဆီ အမျိုးအစားအလိုက် ဒဏ်ရိုက်အရေးယူလျက်ရှိကြောင်း မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီထံမှ သိရသည်။

“ကျွန်တော်တို့ ရှောင်တခင် သုံးကြိမ်စစ်ဆေးတယ်။ ဆိုင်ပေါင်း ၁၆ ဆိုင် စစ်ဆေးခဲ့တယ်။ ပထမတစ်ကြိမ်မှာ လေးဆိုင်၊ ဒုတိယတစ်ကြိမ်မှာ သုံးဆိုင်နဲ့ အခုဒီတတိယအကြိမ် နှစ်ဆိုင်မှာ သတ်မှတ်ထားတဲ့ ဆီအရည်အသွေး မပြည့်မီခဲ့ဘူး။ အဲဒီအတွက် ညွှန်ကြားချက်အတိုင်း အရေးယူ ဆောင်ရွက်မှုတွေလုပ်ခဲ့တယ်”ဟု မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ် ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်စိုးက ပြောဆိုသည်။

အရည်အသွေးမပြည့်မီသည့် ဓာတ်ဆီဆိုင်များကို အရည်အသွေးမပြည့်မီသည့် ဓာတ်ဆီအမျိုးအစားအလိုက် စက်သုံးဆီတစ်မျိုးလျှင် ဒဏ်ကြေးငွေ ၅ သိန်း ပေးဆောင်ရကြောင်း၊ နောက်ဆုံး ရှောင်တခင်စစ်ဆေးမှုတွင် အရည်အသွေးမပြည့်မီသည့် မော်လမြိုင်နှင့် မုဒုံရှိ ဆိုင်နှစ်ခုမှ ဒဏ်ကြေးကျပ် ၃၅ သိန်းပေးဆောင်ခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။

ပထမအကြိမ် ရှောင်တခင်စစ်ဆေးခြင်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် မော်လမြိုင်မြို့ပေါ်ရှိ ပုဂ္ဂလိက ဆိုင် ၅ ဆိုင်ကို စစ်ဆေးရာတွင် ၅ ဆိုင်၌ အရည်အသွေး မပြည့်မီကြောင်း၊ ၂၀၁၉ ဇန်နဝါရီလတွင် ဒုတိယအကြိမ် မော်လမြိုင်နှင့် ပေါင်မြို့ရှိ ဆိုင် ၅ ဆိုင်ကို ထပ်မံ စစ်ဆေးရာတွင် ၃ ဆိုင်မှာ အရည်အသွေး မပြည့်မီကြောင်း၊ ဇွန်လ နောက်ဆုံးပတ်တွင် တတိယအကြိမ် မော်လမြိုင်နှင့် မုဒုံရှိ ဆိုင် ၆ ဆိုင်ကို ထပ်မံစစ်ဆေးရာတွင် နှစ်ဆိုင်မှာ အရည်အသွေးမပြည့်မီသည်ကိုတွေ့ရကြောင်း မွန်ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီထံမှ သိရသည်။

လက်ရှိမွန်ပြည်နယ်တွင် ပုဂ္ဂလိက တရားဝင် စက်သုံးဆီအရောင်းဆိုင် (ရောင်းချခွင့်လိုင်စင်ရရှိပြီး) စုစုပေါင်းဆိုင် ၁၅၀ ခန့်ရှိကြောင်း၊ ဆောက်လုပ်ခွင့်ရရှိပြီး ရောင်းချခွင့်လိုင်စင် မရရှိသေးသည့် ဆောက်လက်စဆိုင်များပါ ပေါင်းပါက စုစုပေါင်း ၁၈၁ ဆိုင်ရှိကြောင်း မွန်ပြည်နယ် ရေနံနှင့် ရေနံထွက်ပစ္စည်း ပြည်နယ်ရောင်းဝယ်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

စက်သုံးဆီဆိုင်များမှာ ရောင်းချနေသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အချိန်အတွယ် ပြည့်မီမှု ရှိ မရှိ၊ ရှောင်တခင် စစ်ဆေးမှုများကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း၊ တိုင်ကြားမှုများရှိလာပါကလည်း အရေးပေါ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရေနံဆပ်ကော်မတီထံမှ သိရသည်။

ထို့ပြင် ယခုဇူလိုင်လမှစ၍ ပြန်လည်စစ်ဆေးမည့်ဆိုင်များတွင် ဓာတ်ဆီအရည်အသွေးနှင့် အချိန်အတွယ်မပြည့်မီပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၉ (ခ) အရ အရေးယူမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

R-21