News

POST TYPE

REGIONAL

ဝါးစိမ်းတောင်တွင် ကြေးနီထုတ်မည်ကို ကန့်ကွက်
27-Dec-2018
မုံရွာ၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ ဝါးစိမ်းတောင်တွင် ကြေးနီစမ်းသပ်ထုတ်မည့်အစီအစဉ်ကိုကန့်ကွက်ကြောင်း လက်မှတ်များကိုကောက်ယူခဲ့ရာ ကန့်ကွက်လက်မှတ်ပေါင်း တစ်ထောင်ကျော်ရရှိခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင် နယ်မြေပတ်ဝန်းကျင် ကျေးရွာ ၆ ရွာမှ တောင်သူ ၁၀၀၀ ကျော်ခန့်စုဝေးကြကာ ဝါးစိမ်းတောင်တွင် ကြေးထုတ်ရန်စမ်းသပ်မည့် ယမ်စီကုမ္ပဏီကိုကန့်ကွက်ကြောင်း လက်မှတ်များကိုကောက်ယူခဲ့ပြီးနောက် တိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊ အမှတ်၂ ကိုယ်စားလှယ် ဒေါ်အောင်မေရီထံ ပေးအပ်ခဲ့ကြောင်း ဒေသခံ ဦးပြေငြိမ်းက ပြောကြားသည်။

“အိုးဘို၊ သပြေအေး၊ ကျောက်ပြုတ်၊ ပြည်လှည့် သီးကုန်း၊ ရှမ်းရွာ၊ တရော်ကျင်းက လူ ၁၀၀၀ ကျော် တက်ရောက်ကြတယ်။ တကယ်လို့ ဝါးစိမ်းတောင်ဖြိုလိုက်ရင် တွေ့လာမယ့် ဘေးဒုက္ခအကျိုးဆက်တွေ ကြောက်လို့ ကန့်ကွက်ကြတာပါ”ဟု ကျောက်ပြုတ်ကျေးရွာမှ ဒေသခံ ဦးဇော်နိုင်ဝင်းက ပြောဆိုသည်။

ဝါးစိမ်းတောင်နယ်မြေ ပတ်ဝန်းကျင် ကျေးရွာလေးရွာမှ အိမ်ထောင်စုပေါင်း ၁၈၀၀ ကျော်၏ ကိုယ်စားပြုသူတစ်ဦးစီက ယမ်စီကုမ္ပဏီ၏ ကြေးနီထုတ်မည့်အစီအစဉ် ကန့်ကွက်လက်မှတ်များကို မိမိထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊ အမှတ် ၂ ကိုယ်စားလှယ် ဒေါ်အောင်မေရီက ရှင်းပြသည်။

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကြေးစင်တောင်၊ စံပယ်တောင်တို့တွင် ကြေးထုတ်လုပ်နေသည့် ယမ်စီကုမ္ပဏီက တိုးချဲ့ထုတ်လုပ်ရန် ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်ရှိ မြေဧကတစ်သိန်းကျော်ကို စမ်းသပ်ရန်အစီအစဉ်ရှိနေပြီး ဌာနဆိုင်ရာများ၏ သဘောထားမှတ်ချက်ကို တောင်းခံထားကြောင်း ကနီအမှတ် ၂ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

“ဌာနတွေ ကုမ္ပဏီဘက်ကိုလည်း ကျွန်တော်တို့ တွေ့ဆုံပြီးပါပြီ။ မြေပုံပါ နေရာတွေအရ ရွာ ၅၀လောက်ရှိမယ်။ ပထမအဆင့် ကျောက်တုံးကောက်မယ်။ ဒုတိယအဆင့်လွန်ဖောက်မယ်။ ဝါးစိမ်းတောင်နဲ့ ပတ်သက်လို့ ဒေသခံတွေမေးလာလို့ ရှင်းပြရတာ ရှိပါတယ်”ဟု ၎င်းကဆိုသည်။

R-08