News

POST TYPE

REGIONAL

သိမ်းဆည်းမြေပြန်ရရေး မုံရွာတွင် ဆန္ဒပြ
29-Oct-2018


မုံရွာ၊ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အရှေ့ဘက် အက်တောရွာ၌ စက်မှု ၁ ဝန်ကြီးဌာနက သိမ်းဆည်းထားသည့်မြေများကို ပြန်လည်စွန့်လွှတ်ပေးရန်အတွက် ဒေသခံတောင်သူဦးရေ ၁၀၀ ခန့်က မုံရွာမြို့တွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

အက်တောရွာ ကွင်းအမှတ် ၁၀၆၀/၁၀၆၁ ရှိ တောင်သူ ၅ ဦးပိုင်မြေ ငါးဧကခန့်ကို မြေသိမ်းဥပဒေနှင့်မညီဘဲ စက်မှု ၁ ဝန်ကြီးဌာနက ၁၉၆၇ က သိမ်းဆည်းကာ ၂၀၁၁ ခုနှစ်၌ ဦးပိုင်ကုမ္ပဏီကိုရောင်းချခဲ့ကြောင်း၊ ယင်းကြောင့် ပိုမြေပြန်ပေးခြင်းနှင့် လျော်ကြေးပေးစေလိုခြင်းတို့ကြောင့် ယခုကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း တောင်သူ ဦးခင်မောင်ထွန်းက ပြောကြားသည်။

“သိမ်းဆည်းမြေအတွက် လျော်ကြေးပေးစေချင်တယ်။ ပိုနေတဲ့ ၂ ဧကကျော်ကို ပြန်ပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါမြေနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌လည်း တန့်ဆည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက စက်မှု ၁ ဝန်ကြီးဌာန သိမ်းဆည်းမြေအနက် ပိုလျှံမြေ ၂ ဧကကျော်ကို မူလပိုင်ရှင်ထံ ပြန်ပေးနိုင်ခြင်း ရှိ မရှိကိုမေးမြန်းခဲ့ရာ မြေဧကများ ကွဲလွဲမှုများ တွေ့ရပြီး မြေလေးဧကနီးပါးကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ အပြီးရောင်းချထားပြီးဖြစ်သည်ဟုသာ ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းခဲ့သည်။

R-08