News

POST TYPE

REGIONAL

တောဆင်ရိုင်းငယ်နှစ်ကောင်ကို ဝင်္ဂဘော်ဆင်စခန်းသို့ ပို့
20-Sep-2017

ပုသိမ်၊ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး သစ်တောကြိုးဝိုင်းများအတွင်းမှရရှိသည့် တောဆင်ရိုင်းပေါက်အမနှစ်ကောင်ကို ရန်ကုန်- မန္တလေး အမြန်လမ်း ၃၉ မိုင်ရှိ ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေးစခန်းသို့ စက်တင်ဘာလ ၁၉ ရက်နေ့က ပို့ဆောင်ခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါတောဆင်ရိုင်း သားပေါက်နှစ်ကောင်အနက် တစ်ကောင်ကို ဩဂုတ်လ ၃၀ ရက်နေ့က ငပုတောမြို့နယ်၊ မြစ်တစ်ရာ သစ်တောကြိုးဝိုင်း အတွင်းမှ ရရှိခဲ့ပြီး ကျန်တစ်ကောင်ကို စက်တင်ဘာလ ၁၇ ရက်နေ့က သာပေါင်းမြို့နယ် ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်း အတွင်းမှ ရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“သာပေါင်းက ဆင်လေးကတော့ နို့မပြတ်သေးပါဘူး။ အမိမဲ့လေးတွေပါ။ မိခင်ဆင်ကြီး အသတ်ခံရလို့ ဒါမှ တောဆင်ရိုင်းအုပ်နဲ့ အကြောင်း အမျိုးမျိုးကြောင့် ကွဲကွာခဲ့ရာကနေ ဒေသခံတွေက တစ်ဆင့် သတင်းရရှိပြီး ကယ်ဆယ်ခဲ့တာပါ”ဟု ပုသိမ်(မြောက်) မြို့နယ် သစ်ထုတ်လုပ်ရေးမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးသတိုးလှက ပြောဆိုသည်။

လက်ရှိ ဝင်္ဂဘော် ဆင်ထိန်းသိမ်းရေးစခန်းတွင် မိဘမဲ့ ဆင်သားပေါက် လေးကောင်ရှိနေပြီး ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကျုံကျူးဒေသမှ ရရှိသော “ဧရာမင်း”အမည်ရှိ ဆင်ထီးတစ်ကောင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာ သစ်တောကြိုးဝိုင်း၊ အကွက်အမှတ် ၁၄ အတွင်းမှရရှိသော “မေရီ”အမည်ရှိ ဆင်မလေးတစ်ကောင်၊ နေပြည်တော် သစ်ထုတ်လုပ်ရေးစခန်းမှ မိခင်ဆင်မကြီး သေဆုံး၍ ကျန်ရစ်ခဲ့သည့် ဆင်ထီးလေး တစ်ကောင်နှင့် ပြီးခဲ့သော ဇူလိုင်လအတွင်းက ချောင်းသာမှရရှိသော ဆင်ထီးလေး တစ်ကောင်တို့ဖြစ်ကြောင်း၊ ယခုပို့ဆောင်သည့် ဆင်မလေးနှစ်ကောင်နှင့် ဆိုပါက ဆင်ပေါက် ခြောက်ကောင်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနထံမှ သိရသည်။ 

R-12


  • VIA