News

POST TYPE

REGIONAL

လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှု ပြန်စစ်မည်
19-Sep-2017
မုံရွာ၊ စက်တင်ဘာ ၁၉

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်စဉ် လုံခြုံရေးတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် သေနတ်မှန်ကာ သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအမှုကို ပိတ်ထားခဲ့ခြင်းအပေါ် ကျေနပ်မှု မရှိသည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်သို့ စာချွန်လွှာ တင်သွင်းခဲ့ရာ အမှုကိုပြန်လည်စစ်ဆေးရန် လက်ခံခဲ့ကြောင်း ယင်းအမှုကို လိုက်ပါ ဆောင်ရွက်နေသူ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။

ယင်းအမှုကို ပြန်လည်စစ်ဆေးရန် စာကို ဆားလင်းကြီးနှင့် ယင်းမာပင်မြို့ နယ်တရားရုံးက စက်တင်ဘာလ ၁၅ ရက်နေ့က လက်ခံခဲ့ကြောင်း ဒေါ်ခင်ဝင်း၏ ယောင်းမတော်စပ်သူ ဒေါ်ခင်မာအေးက ပြောဆိုသည်။

“ဒေါ်ခင်ဝင်းသေတဲ့အမှုကို ယင်းမာပင်ခရိုင်ရဲမှူးနဲ့ ခရိုင်ဥပဒေအရာရှိတို့က မှားယွင်းမှုဆိုတဲ့ မှတ်ချက်နဲ့ အမှုပိတ်ခဲ့တယ်။ ဒီကိစ္စကို မတရားလို့ ပြည်ထောင်စု တရားလွှတ်တော်ကို စာတင်ခဲ့တာ”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင်၊ ခြံစည်းရိုးခတ်စဉ် ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားစဉ် ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန်ကာ ဒေါ်ခင်ဝင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းသို့ ဒေါ်ခင်ဝင်း သေဆုံးခဲ့သည့်အတွက် အမှုဖွင့် တိုင်ကြားခဲ့ရာတွင် လူသတ်မှုပုဒ်မ ၃၀၂ အဖြစ် လက်ခံခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် အမှုပိတ်လိုက်သည်ဟု ဆားလင်းကြီး မြို့မရဲစခန်းမှူးက အသိပေး ပြောဆိုခဲ့ကြောင်း၊ ယင်းသို့ အမှုပိတ်ခြင်းကို မကျေနပ်သည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ကို စာချွန်လွှာ တင်သွင်းခဲ့ရာ ယခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် ကနဦး လက်ခံခဲ့ပြီးနောက် ယခုကဲ့သို့ အမှုပြန်လည် စစ်ဆေးရန် ခွင့်ပြုခြင်းဖြစ်ကြောင်း ဦးအောင်သိန်းက ရှင်းပြပြောဆိုသည်။

R-08


  • VIA