POST TYPE

REGIONAL

ချင်းပြည်နယ်တွင် ဒေါ်လာလေးသောင်း အသုံးပြု၍ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်
19-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၁၉

ချင်းပြည်နယ် ဖလမ်းမြို့ တာရွှန် ကျေးရွာအုပ်စုတွင် အမေရိကန်ဒေါ်လာ လေးသောင်း အသုံးပြု၍ လူထုအခြေပြု ခရီးသွားလုပ်ငန်းကို စတင် အကောင်အထည်ဖော်နေကြောင်း တာဝန်ယူဆောင်ရွက်သည့် The Backyard Travels & Tours မှ ဒါရိုက်တာ ငွန်ဇာမှုန်က ပြောကြားသည်။

“လူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT) နဲ့ပတ်သက်ပြီး ကျေးရွာလူထုကို အသိပညာပေး ဟောပြောပွဲတွေ စလုပ်မယ်။ ဒီဟောပြောပွဲကနေ CBT ဖော်ဆောင်ဖို့ လိုအပ်မယ့်ဟာတွေကို ကျေးရွာလူထု လိုအပ်ချက်တွေနဲ့ ဖြည့်ဆည်းပေးရင်း ဆောင်ရွက်သွားရမှာပါ”ဟု ၎င်းက ဆိုသည်။

တာရွှန်းကျေးရွာ၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးအတွက် အသုံးပြုမည့် ဒေါ်လာ လေးသောင်းကျော်တွင် ၄၀ ရာခိုင်နှုန်းသည် UK အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သော BIF (Business Innovation Facility) အဖွဲ့အစည်းထံမှ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်ရရှိသော ဆုကြေးငွေဖြစ်ပြီး ၆၀ ရာခိုင်နှုန်းကို The Backyard Travels & Tours က အကုန်အကျခံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒါရိုက်တာငွန်ဇာမှုန်ထံမှ သိရသည်။

တာရွှန်းကျေးရွာသည် ဖလမ်းမြို့နှင့် သုံးမိုင်ခန့် ကွာဝေးသည့်နေရာတွင် တည်ရှိပြီး လူဦးရေ နှစ်ရာကျော် နေထိုင်ကာ ချင်းတော်လှန်ရေး သူရဲကောင်း ကြွမ်ဘိ၏ဇာတိဖြစ်ပြီး သမိုင်းဝင်နေရာများ၊ ချင်းရိုးရာဓလေ့များ တည်ရှိခြင်းကြောင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် အလားအလာ ရှိသည့်နေရာဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာအောင် ဆောင်ရွက်တဲ့လုပ်ငန်းတစ်ခုပါ။ ပြည်နယ်အစိုးရ အနေနဲ့ ကျေးရွာတွေ ရွေးချယ်ပေးတာတို့၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီအောင် မူဝါဒပိုင်းကနေ ပံ့ပိုးကူညီတာတွေလည်း ဆောင်ရွက်နေပါတယ်”ဟု ချင်းပြည်နယ် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးအိုက်ဇက်ခင်က ဆိုသည်။

တာရွှန်းကျေးရွာ၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် စက်တင်ဘာလ ၂၇ ရက်မှ ၂၉ အထိ ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စတင် ဆောင်ရွက်မည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲထံမှ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဒေသခံလူထုများအကြား ဆောင်ရွက်ရန် စီစဉ်ထားကြောင်း The Backyard Travels & Tours ထံမှ သိရသည်။

ချင်းပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် အလားအလာရှိသော ပြည်နယ်တစ်ခုဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး၊ တယ်လီဖုန်း ဆက်သွယ်ရေး စသည့် အခြေခံ လိုအပ်ချက်များ လိုအပ်နေသေးကြောင်း ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများက ပြောကြားသည်။

“ဒေသခံလုပ်ငန်းရှင်က လုပ်တာဆိုတော့ ပိုကောင်းပါတယ်။ ကုန်ကျစရိတ်ကတော့ ခန့်မှန်းတာထက် ပိုကုန်ကျနိုင်သေးတာအပြင် ချင်းပြည်နယ်မှာက အခြေခံ အဆောက်အဦတွေကို ပြည့်မီနိုင်ဖို့ အချိန်ယူ ဆောင်ရွက်ရမယ့် အနေအထားပါ”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်း အလုပ်အမှုဆောင်တစ်ဦးက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ ကရင်ပြည်နယ် သံတောင်ကြီးဒေသ၊ ကယားပြည်နယ်ရှိ ကျေးရွာများ၊ မကွေးတိုင်းဒေသရှိ မြိုင်မြို့နယ်ရှိ ကျေးရွာများကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

J-14

  • VIA