News

POST TYPE

REGIONAL

အိန္ဒု-ကော့ကရိတ် လမ်းပိုင်း ထိခိုက်နစ်နာမှုများကို နှစ်ပတ်အတွင်း လျော်ကြေးပေးမည်
19-Sep-2017

ဘားအံ ၊ စက်တင်ဘာ ၁၉

ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့သွယ်တန်းမည့် အာရှလမ်းမကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်သော အိန္ဒု-ဇာသပြင် လမ်းအပိုင်းတွင် လမ်းဧရိယာနှင့် မလွတ်ကင်းမှုကြောင့် ထိခိုက်နစ်နာခဲ့ရသူများကို နှစ်ပတ်အတွင်း လျော်ကြေးပေးမည်ဖြစ်ကြောင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောသောင်းဟန်စိုးက ပြောကြားသည်။

ဘားအံမြို့နယ် သာမညကျေးရွာ ပအိုဝ်းဓမ္မာရုံတွင် စက်တင်ဘာလ ၁၈ ရက်က လမ်းပိုင်းတွင်ပါသော အိန္ဒု-သာမည လမ်းပိုင်းမှ ဒေသခံများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံကာ လျော်ကြေးတွက်ချက် ရှင်းလင်းပွဲ လုပ်ဆောင်ခဲ့သည်။ 

“နစ်နာမှုတွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စံနှုန်းအတိုင်း အစိုးရအဖွဲ့က ပေးလျော်မှာပါ၊ ADB ရယ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရ ပေါင်းစပ်ပြီးတော့ ထိခိုက်နစ်နာမှုဈေးနှုန်းကို အမြင့်ဆုံး တွက်ချက်တာပါ၊ လက်ခံမယ့်သူလည်း များမယ်လို့ ယုံကြည်တယ်၊ လက်မခံနိုင်တဲ့သူရှိရင်လည်း ကျွန်တော်တို့က သိရှိနားလည်အောင် ချပြပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ”ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောသောင်းဟန်စိုးက ပြောကြားသည်။ 

အဆိုပါ စီမံကိန်းအတွက် မြေသိမ်းယူမှု ၃ ဒသမ ၄ ကီလိုမီတာ၊ နေရာရွှေ့ပြောင်းမှုအတွက် အိမ်နဲ့အိမ်ဆိုင် ၉ လုံး၊ တစ်စိတ်တစ်ပိုင်း ထိခိုက်မှု အိမ်နဲ့အိမ်ဆိုင် ၅ လုံး၊ မြေအသုံးပြုမှုကြောင့် ထိခိုက်သူ ၁၂၃ ဦးရဲ့ စုစုပေါင်းမြေ ၃၉၂၉၂ စတုရန်းမီတာ ထိခိုက်နစ်နာကြောင်း ၎င်းထံမှ သိရသည်။ 

“လမ်းပိုင်းအတွင်း ထိခိုက်နစ်နာမှုအတွက် နစ်နာကြေး သတ်မှတ်ပေးလျော်မှုနဲ့ပတ်သက်လို့ စီမံကိန်းတစ်ခုကြောင့် လူမှုဘဝ ပိုမို ဆိုးဝါးမှု မရှိစေရန် ပေးဆောင်သွားမှာဖြစ်တယ်၊ နှောင် ၃ နှစ်အတွင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ဒေသခံတွေရဲ့ လူမှုဘဝ တိုးတက်မှုမရှိဘဲ ပိုမိုဆုတ်ယုတ်လာရင် ပြန်လည် ကုစားပေးနိုင်ဖို့ စီမံဆောင်ရွက်ပေးရမှာပါ”ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ အကြံပေး ဦးသန်းနိုင်ဦးက ပြောကြားသည်။

လျော်ကြေးများ ပေးပြီးမှသာ လမ်းအဆင့်မြှင့်တင်ခြင်းကို စတင်ဆောင်ရွက်မည်ဖြစ်ပြီး ပထမနှစ် စီမံကိန်းအတွက် ဒေါ်လာသန်း ၇၀ ကျော်ကို သုံးစွဲမည်ဖြစ်ပြီး ထိခိုက်နစ်နာမှုအတွက် ဒေသခံတွေကို တွက်ချက်ပေးလျော်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် စီမံကိန်းလုပ်ငန်းကို နိုဝင်ဘာလတွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

အာရှလမ်း စီမံကိန်းသည် အရှေ့ ဗီယက်နမ်နိုင်ငံ ဒန်နန်မြို့မှ အနောက် မြန်မာနိုင်ငံ မော်လမြိုင်မြို့အထိ ၁၄၅၀ ကီလိုမီတာ အရှည်ရှိတဲ့လမ်းပိုင်းဖြစ်ကြောင်း၊ ယခုလမ်းအဆင့်မြှင့်တင်မည့် အိန္ဒု -ကော့ကရိတ် လမ်းပိုင်း ၆၇ ကီလိုမီတာကို လမ်းနယ်နိမိတ်အကျယ် ၂၃၀ ပေအထိ တိုးချဲ့မည်ဖြစ်ပြီး လမ်းအဆင့်မြှင့်တင်ရန် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ၊  အာဆီယံ အခြေခံ အဆောက်အဦဆိုင်ရာ ရန်ပုံငွေအဖွဲ့ AIF မှ အမေရိကန် ဒေါ်လာသန်း ၂၀ ချေးယူပြီး တရုတ်ကုမ္ပဏီ China Road & Bridge (CRBC) က ဆောင်ရွက်မည်ဖြစ်ကြောင်း  ကရင်ပြည်နယ် လမ်းဦးစီးဌာနထံမှ သိရသည်။

R-17


  • VIA