News

POST TYPE

REGIONAL

မွန်ပြည်နယ်တွင် ဘတ်ဂျက် စိစစ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေး
19-Sep-2017
မော်လမြိုင်၊ စက်တင်ဘာ ၁၉

မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဘတ်ဂျက် စိစစ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မော်လမြိုင်မြို့နယ် ငွေမိုးဟိုတယ်တွင် စက်တင်ဘာလ ၁၉ ရက်က ကျင်းပခဲ့သည်။ 

“လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အသစ်တွေ အရပ်သားကနေ လာတယ်ဆိုတော့ ဘတ်ဂျက်က အရမ်းစိမ်းနေတယ်၊ အထူးသဖြင့် အစိုးရဘတ်ဂျက်ပဲ သိကြတယ်၊ ပြည်သူ့ဘတ်ဂျက်လို့ မသိကြဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခုလို ဆွေးနွေးခြင်းအားဖြင့် သူတို့ပြည်နယ်မှာ ဘာတွေ ပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ ပိုသိလာမယ်”ဟု အလုပ်ရုံ ဆွေးနွေးပွဲ စီစဉ်သူ The Asai Foundation မှ စီမံကိန်းအရာရှိ ကိုဇော်မင်းထွဋ်က ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ဘတ်ဂျက်အကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖြစ်ပေါ်နေသော ဘတ်ဂျက် အလေ့အကျင့်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဘတ်ဂျက်ဟနေမှုများအပေါ် စိစစ်ခြင်း၊  ပြည်ထောင်စုနှင့် ပြည်နယ်ကြား ဖြစ်နေသည့် ပြဿနာများကို ဖြေရှင်းရမည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း ကိုဇော်မင်းထွဋ်က ရှင်းပြသည်။

ယခုဆွေးနွေးပွဲတွင် ပြည်နယ်ကိုယ်စားလှယ်များအတွက်နှင့် ကော်မတီများအတွက် ကောင်းမွန်ကြောင်း၊ ဘတ်ဂျက်မှာ ပြည်သူအကျိုးပြု လုပ်ဆောင်ရာတွင် အဓိက အရေးကြီးသည့် ကိစ္စရပ်ဖြစ်ပြီး ရရှိမှုပေါ်မူတည်၍ ပြည်သူလိုအပ်ချက်ကို အကောင်အထည်ဖော်ပေးရမည်ဖြစ်ကြောင်း၊ ဘတ်ဂျက်တိုးရရှိမှုနှင့် ဘတ်ဂျက် သုံးစွဲမှုတွင် အလေအလွင့် မရှိစေရေးမှာ အရေးကြီးကြောင်း မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေး စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောဆိုသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှ ဆွေးနွေးမှုများမှာ မွန်ပြည်နယ်လွှတ်တော်တွင် လက်ရှိ အသုံးပြုနေသော ဘတ်ဂျက် စိစစ်သုံးသပ်ရေးနှင့် ကွာခြားမှု မရှိကြောင်း၊ သို့သော် ယခုဆွေးနွေးပွဲကြောင့် ဘတ်ဂျက် စောင့်ကြည့် အတည်ပြုရာတွင် ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက သုံးသပ်သည်။


  • VIA