News

POST TYPE

REGIONAL

ကျိုက်ထီးရိုး ကေဘယ်လ်ကား ပြေးဆွဲမည့်ရက် ထပ်ရွှေ့
19-Sep-2017
မော်လမြိုင်၊ စက်တင်ဘာ ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲမည့် ကေဘယ်လ်ကား စီမံကိန်းသည် ကျိုက်ထီးရိုးဘုရားပွဲအမီ ပြေးဆွဲနိုင်ခြင်း မရှိသေးဟု စီမံကိန်း တာဝန်ရှိသူထံမှ သိရသည်။

ကေဘယ်လ်ကားပြေးဆွဲမည့် လနှင့် ပတ်သက်ပြီး ယခုအကြိမ်သည် တတိယအကြိမ် ပြောင်းလဲသတ်မှတ်ခြင်း ဖြစ်သည်။

ပထမ လျာထားလမှာ ယခုနှစ် ဧပြီလ ဖြစ်ပြီး၊ ဒုတိယအကြိမ်အဖြစ် ဘုရားပွဲရာသီအမီ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၅ ရက်) တွင် ပြေးဆွဲနိုင်မည်ဟု ယင်းစီမံကိန်းကို အကောင်အထည်ဖော်နေသည့် Sky Asia Co., Ltd. ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ဖူးသည်။

“ဘုရားပွဲကာလမှာ ဖွင့်ဖို့ ခန့်မှန်းထားပေမယ့် အဓိကက ရာသီဥတုဆိုးတာ တစ်ချက်၊ နောက်တစ်ချက်က ကေဘယ်လ်ကြိုးကို အပေါ်တင်နိုင်မယ့်စက် ရောက်တာ နောက်ကျသွားတယ်၊ ဒါကြောင့် လုပ်ငန်းအနည်းငယ် နှောင့်နှေးကြန့်ကြာမှု ရှိခဲ့တယ်” ဟု ကုမ္ပဏီ အထူးအကြံပေး ဦးမျိုးဝေက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ထိ စီမံကိန်း၏ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ဒုတိယအကြိမ် သတ်မှတ်သည့် လထက် တစ်လ နောက်ကျကာ အောက်တိုဘာလ အကုန်လောက်မှသာ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒါက အလျင်လိုနေလို့လည်း မရဘူး။ safety အတွက် အရမ်းအရေးကြီးပါတယ်၊ ပြီးသွားရင်တောင်မှ ခရီးသွားပြည်သူအတွက် လုံခြုံစိတ်ချရမှ ဆွဲလို့ရမှာပေါ့” ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ဝင် ဦးစိန်မြင့်က  ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ပြေးဆွဲမည့် ကျိုက်ထီးရိုး ကေဘယ်လ်ကားကို လူ ၄ ယောက်မှ ၈ ယောက်ထိ စီးနိုင်သည့် ကား ၄၃ စီး၊ အရန် ၁ စီးဖြင့် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုး ကေဘယ်လ်ကားကို ကျိုက်ထီးရိုး ဘေးမဲ့တောနယ်မြေအတွင်းရှိ မြေဧက ၁၃ ဒသမ ၅ ဧကကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနတွင် အနှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။

Dawei Watch