News

POST TYPE

REGIONAL

ကလေး-တမူးလမ်းရှိ တံတားပျက်စီး၍ အသွားအလာပိတ်
19-Sep-2017
ကလေး၊ စက်တင်ဘာလ ၁၉

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်း ဖြစ်သည့် ကလေး-တမူးလမ်းပေါ်ရှိ တံတားတစ်စင်း ချောင်းရေတိုက်စားမှုကြောင့် ဖြတ်သန်းသွားလာမှုကို ယနေ့ (စက်တင်ဘာလ ၁၉ ရက်) နံနက်တွင် ယာယီပိတ်ထားခဲ့ရကြောင်း ခမ်းပါတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးက ပြောကြားသည်။

ခမ်းပါတ်မြို့နယ် ကနန်ချောင်းကို ဖြတ်ဆောက်ထားသည့် ကလေး-တမူးကြား ကနန်ကျေးရွာအနီး တံတားသည် ချောင်းရေတိုက်စားခဲ့ရာ တမူးဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်း အရှည်ပေ ၃၀ ခန့်ကို ပြန်လည်ပြင်ဆင်ခဲ့သော်လည်း ထပ်မံ၍ ချောင်းရေကျဆင်းခဲ့သည့်အတွက် ချဉ်းကပ်လမ်းပျက်သဖြင့် ဖြတ်သန်းသွားလာမှုကို ယနေ့ နံနက် ၈ နာရီခန့်တွင် ထပ်မံပိတ်ထားရကြောင်း၊ ချောင်းရေကျမကျပေါ် မူတည်ပြီး ပြန်လည်ဖွင့်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ခရီးသည်တွေကို လက်မှတ်ပြန်အမ်းမှာဗျ” ဟု တမူးမြို့မှ အခြားမြို့များသို့ ခရီးသည်တင်ယာဉ်လိုင်းမှ ဂိတ်မှူးတစ်ဦးက ပြောဆိုသည်။

ကလေး-တမူး မိုင် ၈၈ မိုင်ခန့် ကွာဝေးသည့် လမ်းပေါ်တွင် တံတားအစင်းပေါင်း ၇၁ စင်းရှိကာ ယခုဖြစ်ပွားသည့် တံတားသည် ၂၀၁၅ ခုနှစ် အတွင်းက ချောင်းရေတိုက်စားပျက်စီးသဖြင့် ပြန်လည်ပြုပြင်ထားသော တံတားဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

(ပုံစာ - ကနန်တံတား ပိတ်ထားသည်ကို မြင်ရစဉ်)

R 20
ဓာတ်ပုံ - ဇော်ဝင်းထွဋ်