News

POST TYPE

REGIONAL

ရန်ကုန်တွင် လျှပ်စစ်သုံးစွဲမှု လျှော့ချရေး LPG တင်သွင်း ရောင်းချမည်
17-Sep-2017

နေပြည်တော်၊ စက်တင်ဘာ ၁၇

လူနေမှုထူထပ်သည့် ရန်ကုန်မြို့တွင် လျှပ်စစ်သုံးစွဲမှု လျှော့ချနိုင်ရေး ရေနံဓာတ်ငွေ့ရည် (LPG) ဂက်စ်အိုးများ ဒီဇင်ဘာလမှစ၍ တင်သွင်း ရောင်းချမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။
 
ရေနံဓာတ်ငွေ့ရည်(LPG) ဂက်စ်အိုးများ သုံးစွဲခြင်းဖြင့် လျှပ်စစ်မီးသုံးစွဲမှု လျှော့ချနိုင်ခြင်း၊ တောခုတ်ထွင်မှု လျော့နည်းလာနိုင်ခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပိုလုပ်နိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ လူဦးရေ ခြောက်သိန်းခန့်အတွက် ဂက်စ်အိုး လုံလုံလောက်လောက် သုံးနိုင်ရန် စီမံတွက်ချက်ထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒါသုံးတဲ့အတွက် လျှပ်စစ်ဓာတ်အား ဘယ်လောက် လျော့သွားမလဲဆိုတာ ပြန်တွက်ပြီး ဖြေပါ့မယ်။ မှားသွားရင် ပြည်သူက တစ်မျိုး ထင်သွားနိုင်ပါတယ်”ဟု ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က ပြောကြားသည်။

ပြည်ပမှတင်သွင်းမည့် ရေနံဓာတ်ငွေ့ရည်များကို သိုလှောင်ရန် သန်လျင် ရေနံချက်စက်ရုံအတွင်းရှိ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်စခန်းကို ပြည်တွင်း ကုမ္ပဏီများသို့ ကာလတို တစ်နှစ်ငှားရမ်းခြင်းအတွက် တင်ဒါခေါ်ဆောင်ရွက်ပြီးစီးကြောင်း ၎င်းက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့နေ စာရေးဆရာမ (ဒေါ်)ရွှေကူမေနှင်းက “က်စ်အိုးက ပျောက်သလောက် ရှိနေတယ်။ မီးမလာတော့ ကျောက်မီးသွေးပဲ သုံးတာလေ။ ဒီအိုးတွေရဲ့ ပိုက်တွေက မကောင်းရင် ပေါက်နိုင်တော့ မသုံးကြဘူး။ ဒီအိုးတွေက တစ်လတစ်အိုးကို သုံးသောင်းကျော်ကျတယ်”ဟု ပြောကြားသည်။

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူး ဦးအောင်မြင့်က အိမ်ထောင်စုတစ်ခုတွင် ထမင်း၊ ဟင်းချက်လျှင် ၂၅ ကီလိုဂရမ် ဂက်စ်တစ်အိုးကုန်ပြီး တစ်တန်တွင် ကီလိုဂရမ် တစ်ထောင်ရှိ၍ အိမ်ထောင်စု ၄၀ လျှင် တစ်တန်ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ကြောင်း ရှင်းပြသည်။

ထို့ကြောင့် အိမ်ထောင်စု တစ်သိန်းခွဲအတွက် အကြမ်းဖျင်း တွက်ချက်လျှင် တန်ချိန်လေးထောင်သည် တစ်လသုံးနိုင်သဖြင့် လစဉ် ပုံမှန်သုံးစွဲနိုင်သည့် အနေအထားကို တွက်ချက် ဆောင်ရွက်ထားကြောင်း ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဆိုသည်။

ပြည်ပမှတင်သွင်းမည့် ရေနံဓာတ်ငွေ့ရည်ကို ရန်ကုန်၌ ဒီဇင်ဘာလကုန်တွင် စတင် ရောင်းချမည်ဖြစ်ကြောင်း၊ သန်လျင်ရှိ ရေနံချက် စက်ရုံအတွင်းရှိ ရေနံ ဓာတ်ငွေ့ရည် သိုလှောင်ကန်းစခန်း ငှားရမ်းခြင်းကို ပါရမီစွမ်းအင်ကုမ္ပဏီက တင်ဒါအောင်မြင်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရသည်။

T.L


  • VIA