News

POST TYPE

REGIONAL

NLD ပညာရေးကွန်ရက်က အခမဲ့ စက်ချုပ်သင်တန်း ကျောင်းဖွင့်
17-Sep-2017

ပုသိမ်၊ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် မဟာဗန္ဓုလ လမ်းမကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေး ကွန်ရက် (ဗဟို)၏ အစီအစဉ်ဖြင့် အမေ့မေတ္တာ အခမဲ့ စက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့မှ သိရသည်။

လက်တွေ့ လုပ်ငန်းခွင်နယ်ပယ် သက်မွေးဝမ်းကြောင်း ပြုနိုင်ရန် ကွန်းပျူတာသင်တန်း စက်ပြင်သင်တန်း အခမဲ့ သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ပုသိမ်မြို့တွင်လည်း စက်ချုပ်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သင်တန်းတွင် သင်ထောက်ကူ ပစ္စည်းများဖြစ်သည့် အပ်ချုပ်စက်များကို ကိုရီးယားနိုင်ငံ Green World Korea က ကူညီပံ့ပိုးလှူဒါန်းပေးခြင်းဖြစ်ကြောင်း NLD ပညာရေးကွန်ရက် (ဗဟို)မှ တာဝန်ရှိသူ ဦးလှသိန်းက ပြောကြားသည်။

“သင်တန်း နည်းပြဆရာမတွေကတော့ ပြည်တွင်းကပါ။ သင်တန်းတွေကနေ တတ်ကျွမ်းသူများကို အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်အကိုင်များ ရရှိစေဖို့ ကူညီသွားမှာဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ မိမိတို့ရရှိလာတဲ့ အခွင့်အလမ်းကို မိမိအနာဂတ် သက်မွေးကြောင်းဖို့အတွက် ကြိုးစားသင်ယူစေချင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

သင်တန်းကျောင်းအသီးသီးမှ သင်တန်းသား သင်တန်းသူများအနေဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် ကိုရီးယားနိုင်ငံ NGO “Green World Korea”တို့ ဦးဆောင်ကျင်းပမည့် “ပထမဆုံးအကြိမ် မြန်မာ့အဝတ်အထည်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း ထိုသင်တန်းကျောင်း အုပ်ချုပ်မှုအဖွဲ့က တာဝန်ရှိသူ ဒေါ်ခင်လှဌေးက ဆိုသည်။

NLD ပညာရေးကွန်ရက်သည် မြန်မာနိုင်ငံအတွင်း၌ အခမဲ့ စက်ချုပ်သင်တန်းကျောင်းများကို မုဒုံမြို့၊ သံလျင်မြို့၊ လှိုင်သာယာမြို့၊ မုတ်ပ္ပလင်မြို့နှင့် ပုသိမ်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ရာ ပုသိမ်မြို့သည် ပဉ္စမမြောက် ဖွင့်လှစ်သည့် စက်ချုပ်သင်တန်းကျောင်းဖြစ်ပြီး တက်ရောက်သင်ကြားသူ ၃၃ ဦးဖြစ်ကြောင်း အဆိုပါကျောင်းထံမှ သိရသည်။

R-12


  • VIA