News

POST TYPE

REGIONAL

ကြံ့ခိုင်ရေးက ငွေပေးခိုင်းသည်ဟု အွန်လိုင်းတင်သူကို အမှုဖွင့်
17-Sep-2017

တောင်တွင်းကြီး၊ စက်တင်ဘာ ၁၇

တောင်တွင်းကြီးအကြမ်းဖက်မှု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျေးရွာသားအချို့ကို ငွေပေးခိုင်းစေသည်ဟု အွန်လိုင်းတင်သူကို တောင်တွင်းကြီးမြို့နယ် ယင်းပါတီဥက္ကဋ္ဌ ဦးကြည်သိန်းက တရားလိုပြုလုပ်ကာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက တောင်တွင်းကြီး မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းပါတီရုံးထံမှ သိရှိရသည်။

စက်တင်ဘာ ၁၀ ရက်ညက ဖြစ်ပွားခဲ့သည့် တောင်တွင်းကြီးမြို့ အကြမ်းဖက်မှုဖြစ်စဉ်တွင် သဖန်းကုန်းရွာသားများကို ကြံ့ခိုင်ရေးပါတီက ငွေပေးခိုင်းစေသည်ဟု အရပ်စကားဖြင့် သိရကြောင်း ဟိန်းထိုက်ဈာန် အကောင့်အမည်ဖြင့် အွန်လိုင်းတင်ခဲ့သဖြင့် ပါတီ၏ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ကြောင်း ယူဆ၍ အမှုဖွင့်ရခြင်းဖြစ်ကြောင်း ပါတီတာဝန်ရှိသူက ရှင်းပြသည်။

“ကျွန်တော်တို့ အမှုဖွင့်တာက ရွာသားအချို့ကို ပြည်ခိုင်ဖြိုးက ငွေပေးခိုင်းတယ်ဆိုတဲ့အပိုင်းကိုပဲ သီးသန့် အမှုဖွင့်တာပါ။ သဖန်းကုန်းကျေးရွာသားအချို့ကလည်း သူတို့ရွာကို သိက္ခာကျအောင် တမင် ဖန်တီးရေးသားတယ်ဆိုပြီး အမှုဖွင့်မယ်လို့ သိရပါတယ်။ သူတို့ဖွင့်တာက တစ်ပိုင်းပေါ့”ဟု တောင်တွင်းကြီးမြို့နယ် ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဇော်အောင်က ပြောကြားသည်။

ယင်းတိုင်ကြားချက်ကို တောင်တွင်းကြီးမြို့မရဲစခန်းက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ကာ လက်ခံစစ်ဆေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ ကြံ့ခိုင်ရေးပါတီက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခြင်းသည် မကွေးတိုင်းအတွင်း ပထမဆုံး တိုင်ကြားသည့်အမှုဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရှိရသည်။

R-02

  • VIA