News

POST TYPE

POPULAR POST

ပရီးမီးယားလိဂ်ကို အားလျှော့လိုက်ပြီဟု မော်ရင်ညို အသိပေး၊ အင်္ဂလိပ်အသင်း ငါးသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ပိုမိုပြည့်စုံမည် ဖြစ်ကြောင်း ဖွင့်ဟ
04-Apr-2017
မန်ချက်စတာ၊ ဧပြီ ၃

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရှေ့လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အခြေအနေကိုလိုက်၍ ပွဲထွက်လူစာရင်းကို ချိန်ဆသွားတော့မည် ဖြစ်ကြောင်း အသိပေးလိုက်ပြီ ဖြစ်ပြီး ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမည့် သီတင်းပတ်များတွင် အင်အားတောင့်သည့် လူစာရင်းကို ပရီးမီးယားလိဂ်တွင် အရဲစွန့်ထုတ်သုံးတော့မည် မဟုတ်ဟုလည်း မော်ရင်ညိုက ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် အဓိကကစားသမားများ ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရသည့်အတွက် ၎င်းအနေနှင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူရန် လမ်းကြောင်းတစ်ခုကိုသာ ရွေးချယ်ရတော့မည်ဟု ဝန်ခံလိုက်ပြီး ယနေ့ (ဧပြီလ ၄ ရက်) နှင့် လာမည့် တနင်္ဂနွေနေ့တို့တွင် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အမှတ်ပြည့်ရယူနိုင်ခြင်း မရှိခဲ့ပါက ယူရိုပါလိဂ်ဘက်သို့ အပြည့်အဝ အာရုံစိုက်ရန်ကိုသာ ၎င်းအနေနှင့် ဦးတည်ရတော့မည် ဖြစ်ကြောင်း မော်ရင်ညိုက ရှင်းပြထားသည်။

မန်ယူသည် ဝက်စ်ဘရွန်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် လက်ရှိဘောလုံးရာသီ၌ အိမ်ကွင်းသရေပွဲ အရေအတွက် ရှစ်ပွဲအထိ မြင့်တက်သွားခဲ့ပြီ ဖြစ်ပြီး လက်ရှိတွင် အသင်းပွဲထွက်ကစားသမားများ အနာတရ ထပ်မံမဖြစ်စေရန် ထိရောက်စွာ အကာအကွယ်ပေးနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားနေရကြောင်း မော်ရင်ညိုက ပြောကြားထားသေးသည်။

မန်ယူသည် လာမည့် ဧပြီလ ၁၃ ရက်နေ့တွင် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်နှင့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် ပထမအကျော့ကို ယှဉ်ပြိုင်ရတော့မည်ဖြစ်ကာ ပရီးမီးယားလိဂ်တွင် အဆင့်လေးဖြင့် ရာသီသိမ်းနိုင်ခြင်းထက် ယူရိုပါလိဂ်ချန်ပီယံအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရခြင်းကို ၎င်းအနေနှင့် ပိုမိုလိုလားကြောင်းလည်း မော်ရင်ညိုက အသိပေးထားသေးသည်။

မော်ရင်ညိုသည် ပရီးမီးယားလိဂ်တွင် အဆင့်လေးဖြင့် ရာသီသိမ်းနိုင်ခဲ့မည် ဆိုပါက ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်ရရန်အတွက် ခြေစစ်ပွဲ ဆင်နွှဲရလိမ့်ဦးမည်ဟု ထောက်ပြထားပြီး ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့ပါက အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရမည် ဖြစ်၍ ရာသီကြိုပြင်ဆင်မှုများကို စိတ်အေးလက်အေးဖြင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ၎င်းက သုံးသပ်ထားသေးသည်။

သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ခွင့်ရဖို့က ကျွန်တော်တို့အတွက် ပိုအရေးကြီးပါတယ်။ အမာခံကစားသမား တစ်ချို့ကို ဒဏ်ရာပြဿနာတွေကြောင့် ဆုံးရှုံးလိုက်ရပြီဖြစ်လို့ လက်ကျန်ကစားသမားတွေကို အကာအကွယ်ပေးနိုင်ဖို့ စဉ်းစားရတော့မှာပါ။ ပွဲဆက်တွေ အများကြီးကစားရရင် သူတို့အတွက် အထိအခိုက်တွေ ဖြစ်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဆင့်လေးနေရာကို ပြိုင်ဘက်တစ်သင်းသင်းက ရယူသွားခဲ့ရင်လည်း ကျေနပ်မိမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ယူရိုပါလိဂ်ချန်ပီယံ အဖြစ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားလို့ပါပဲ။ အဲ့ဒါဆိုရင် အင်္ဂလိပ်ကိုယ်စားပြုအသင်း ငါးသင်းအထိ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အခြေအနေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့သာ အဆင့်တစ်ကနေ လေးအတွင်း ရပ်တည်ပြီး ရာသီသိမ်းခဲ့ရင်တော့ အင်္ဂလိပ် ကိုယ်စားပြုအဖြစ် အသင်းလေးသင်းပဲ မြင်ကြရပါလိမ့်မယ်” ဟု ပြောကြားသွားခဲ့သည်။