News

POST TYPE

POPULAR POST

ပင်းတယမြို့နယ်မှ ကျေးရွာအများစု သောက်သုံးရေ ပြတ်လပ်မှု အဆိုးရွားဆုံးကြုံ
04-Apr-2017
ရန်ကုန်၊ ဧပြီ ၃ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ် တောင်ဘက်ခြမ်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာအများစုတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို လက်ရှိတွင် အဆိုးရွားဆုံး ရင်ဆိုင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ဒေသအတွင်းရှိ ကူးကော်ကျေးရွာအုပ်စုမှ ကျောက်ကြားရွာ၊ ကြိမ်တောရွာ၊ ကျောက်ရှစ်ကျင်းရွာ၊ ကုန်းသာရွာတို့နှင့် ပွေးလှကျေးရွာအုပ်စုရှိ ဆားပြားရွာ၊ မြေခြားတောင်ရွာ၊ ဝါထရာရွာနှင့် ရှောက်ပင်ရွာတို့တွင် သောက်သုံးရေကန်များ ခန်းခြောက်ကာ ရေပြတ်လပ်မှုကို ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။

ယင်းကြောင့် စေတနာရှင် ရေအလှူရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရ ဌာနဆိုင်ရာများကို တင်ပြ၍ အကူအညီ တောင်းခံထားကြောင်း တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့ ခေါင်းဆောင် ကိုအောင်ဆန်းက ပြောကြားသည်။

“လူမှုအဖွဲ့အစည်းတွေက လာရောက်ကူညီနေပေမယ့် ထိရောက်တဲ့ ကူညီမှုမျိုးတော့ မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။ 

သောက်သုံးရေ ပြတ်လပ်နေသည့် ရွာများသို့ ၎င်းတို့အဖွဲ့ အနေဖြင့် ရေဖြန့်ဝေပေးရာတွင် လက်ရှိအခြေအနေအရ ကျောက်ကြားရွာနှင့် ကုန်းသာရွာတို့ အတွက်သာ ပေးဝေနိုင်ပြီး ကျေးရွာအားလုံးတွင် အိမ်ထောင်စု ၇၅၀ အထက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါဒေသတွင် နွေရာသီ ရောက်ပါက ကန်ရေများခန်းခြောက်ကာ ရေရှားပါးပြတ်လပ်နေမှုသည် ယခင်နှစ်များကတည်းက စတင်ဖြစ်ပေါ်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ အဆိုးရွားဆုံး အခြေအနေကို ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း၊ ယင်းကျေးရွာများသည် မိုးတွင်းကာလတွင် ကျဆင်းသည့် တောင်ကျမိုး ရေအိုင်(ကန်) များကိုသာ အဓိက သုံးစွဲနေရကြောင်း ဒေသခံများက ပြောကြား သည်။

မြန်မာနိုင်ငံတစ်ဝန်း၌ နွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာပေါင်း ၅၀၀ ကျော် ရှိနိုင်သည့်အတွက် ဌာနအနေဖြင့် ရေပြတ်လပ်သည့် ဒေသများကို ရေဖြန့်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ယင်းကဲ့သို့ ရှမ်းပြည်နယ်အတွင်းမှ သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ရနိုင်သည့် ကျေးရွာများကိုလည်း သောက်သုံးရေ ဖြန့်ဝေလျက် ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောဆိုသည်။

ယင်းသို့ သောက်သုံးရေ ရှားပါးပြတ်လပ်နိုင်သည့် ဒေသများမှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စသည့် ဒေသများဖြစ်ပြီး မန္တလေး၊ မကွေးနှင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာအများစုသည် သောက်သုံးရေ ရှားပါးမှုကို အများဆုံး ရင်ဆိုင်ရဖွယ်ရှိကြောင်း အဆိုပါဌာနက တွက်ချက်စာရင်း ကောက်ယူထားသည်။          

E-03