News

POST TYPE

POPULAR POST

ပေါက်တောတွင် တရားခံကို ဝင်လုသူ သေနတ်ထိမှန် သေဆုံး
04-Apr-2017
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အရှေ့ဖရုံကာကျွန်းစုရှိ နတ်ရှင်ကျေးရွာတွင် ဧပြီလ ၃ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးလာသည့် တရားခံကို လမ်းတွင်ဖြတ်၍ ရဲတပ်ဖွဲ့ထံမှ သေနတ်လုယူရန် ကြံစည်သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် သန်းဌေးက အတည်ပြု ပြောကြားသည်။ 

ပေါက်တောမြို့နယ် ကျောက်စုကျေးရွာအုပ်စု ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ ၃ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်တို့အဖွဲ့မှ ညကင်းလှည့်နေစဉ် နတ်ရှင်ကျေးရွာတွင် ဦးမောင်သန်းဆိုသူမှာ မူးယစ်သောက်စားပြီး ရမ်းကားနေကြောင်း သိရှိရသဖြင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်လာစဉ်၊ ဦးမောင်သန်း၏ ယောက်ဖတော်စပ်သူ ကိုဝင်းဌေးမှ ရဲတပ်သား ထွန်းလင်း၏ သေနတ်ကိုလုပြီး တရားခံကို လုယူရန် ကြိုးစားစဉ် သေနတ်မှ ကျဉ်ထွက်ပြီး ဘယ်ဘက်ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ရဲအုပ်သန်းဌေးမှ ပြောဆိုသည်။

ယခုအခင်းဖြစ်ပွားသည့် ဖရုံကာကျွန်းများတွင် ရဲတပ်ဖွဲ့များအနေဖြင့် လုံခြုံရေး အခြေအနေအရ လက်နက်အသင့်ပြင်ဆင်ထားရသည့်အတွက် ကျဉ်ထွက်သွားခြင်းလည်း ဖြစ်နိုင်ကြောင်း ပေါက်တောမြို့မှ ဒေသခံ ကိုအောင်ဝင်းက ပြောကြားသည်။ 

R-04