News

POST TYPE

POPULAR POST

မြောက်ကိုရီးယား ပြဿနာကို တရုတ်မပါဘဲ ဖြေရှင်းရန် အသင့်ရှိဟု ထရမ့်ဆို
04-Apr-2017
ဝါရှင်တန်၊ ဧပြီ ၂

မြောက်ကိုရီးယား နျူကလီးယား အန္တရာယ်ကို တရုတ်အကူအညီမပါဘဲ  ဖြေရှင်းသွားမည် ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

“တရုတ်က မြောက်ကိုရီးယား ပြဿနာကို မဖြေရှင်းဘူး ဆိုရင်လည်း  ကျွန်တော်တို့ ဖြေရှင်းရမှာပါ။ ဒါ ကျုပ်ပြောနိုင်သမျှပါ” လို့ ထရမ့်က ဗြိတိန်သတင်းစာ  Financial Times နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အမေရိကန် တစ်နိုင်ငံတည်း အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုသော မေးခွန်းကိုလည်း “လုံးဝလုပ်နိုင်ပါတယ်” ဟု ထရမ့်က ဖြေကြားခဲ့သည်။

ယခုအပတ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်မလည်ပတ်မီ ထရမ့်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရုတ်က မြောက်ကိုရီးယားအပေါ် သြဇာတော်တော်ညောင်းပါတယ်။ မြောက်ကိုရီးယားကိစ္စမှာ တရုတ်က ကျွန်တော်တို့ကို ကူညီဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်သလို၊ မကူညီတာလည်း ဖြစ်နိုင်ပါတယ်။ တရုတ်အတွက် ကောင်းမယ်ထင်တာ သူတို့ လုပ်ကြမှာပါ။ သူတို့ဒါကို မလုပ်ဘူး ဆိုရင်တော့ ဘယ်သူ့အတွက်မှ မကောင်းပါဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။

တစ်နိုင်ငံ တစ်နိုင်ငံချင်း တစ်ဖက်သပ် အရေးယူမှုမျိုးလုပ်မည့် သဘောလားဟု မေးမြန်းခဲ့ရာတွင်မူ ထရမ့်က “ဒီ့ထက်တော့ ပိုပြောလို့ မရသေးပါဘူး” ဟုသာ ဖြေကြားခဲ့ပြီး မည်သို့ လုပ်ဆောင်မည် ဆိုခြင်းကို အသေးစိတ် မဖြေကြားခဲ့ပေ။

ထရမ့်ပိုင်သည့် ဖလော်ရီဒါရှိ မာအာလာဂိုး အပန်းဖြေခြံဝင်းကြီးအတွင်း တရုတ်သမ္မတရှီနှင့် မတွေ့ဆုံမီ အမေရိကန်ဘက်မှ မြောက်ကိုရီးယားအပေါ် သတိပေးမှုများ ဆက်တိုက်ပြုလုပ်ထားသည်။ 

ပြုံယမ်းသည် အမေရိကန်ကုန်းမကြီးအထိ အဝေးမှ ပစ်ခတ်နိုင်သော တာဝေးပစ် နျူကလီးယားဒုံးကျည်များ တည်ဆောက်လာနိုင်စွမ်း ရှိလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

မတ်လအတွင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်၏ အာရှခရီးစဉ်အတွင်း စစ်ရေးအရ လက်ဦးမှုယူ တိုက်ခိုက်ခြင်းမှာလည်း နည်းလမ်းတစ်ရပ် အဖြစ် ရှိနေကြောင်း သတိပေးခဲ့ဖူးသည်။

ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်ကလည်း အဏုမြူ လက်နက်တစ်စုံတစ်ရာ အသုံးပြုပါက အကြီးအကျယ် တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။

သို့သော်လည်း မြောက်ကိုရီးယားကို စစ်ရေးအရ အရေးယူပါက စစ်ဘက်နှင့် အရပ်ဘက် အသေအပျောက် များနိုင်သည်ဟု အများစုက လက်ခံထားကြသည်။

သို့ဖြစ်ရာ အမေရိကန် တာဝန်ရှိသူများသည် မြောက်ကိုရီးယား နျူလုပ်ငန်းစဉ် စွန့်လွှတ်ရန် အရေးယူပိတ်ဆို့မှုများ၊ သံတမန်ရေး နည်းလမ်းများဖြင့်သာ ဆယ်စုနှစ်များစွာ ဖိအားပေးလာခဲ့ကြသည်။

ကုလသမဂ္ဂနှင့် နိုင်ငံအများအပြားကလည်း မြောက်ကိုရီးယား လက်နက်စီမံကိန်းကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။ မြောက်ကိုရီးယားသည် ပြည်သူများကို ကျွေးမွေးရန် ပြည်ပအကူအညီကို မှီခိုနေရသော်လည်း လက်နက်စီမံကိန်းကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။                                

F-03