News

POST TYPE

POPULAR POST

မန္တလေးသြင်္ကန်သံချပ်ပြိုင်ပွဲ သရုပ်ဆောင်ကျော်သူနှင့်အဖွဲ့ ဖျော်ဖြေမည်
04-Apr-2017
မန္တလေး၊ ဧပြီ ၃

မန္တလေးမြို့တော်သြင်္ကန် သံချပ်ပြိုင်ပွဲကို ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ ဖျော်ဖြေမည်ဖြစ်ကြောင်း သံချပ်စိစစ်ရေး ကော်မတီထံမှ သိရသည်။

မန္တလးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိတ်ကြားခြင်းကြောင့် ဖျော်ဖြေခြင်းဖြစ်ပြီး အထက်မြန်မာပြည် ကွန်ရက်အဖွဲ့က ဦးဆောင်၍ ပရဟိတ သမားများ ပါဝင်သည့် သံချပ်အဖွဲ့ဖြင့်  ဖျော်ဖြေမည်ဖြစ်ကြောင်း၊ သံချပ်အဖွဲ့တွင် အဖွဲ့ဝင် ၃၀ နီးပါးရှိနေ၍ အဖွဲ့ နှစ်ဖွဲ့ခွဲကာ ဖျော်ဖြေရန် စီစဉ်ထားကြောင်း ရုပ်ရှင် သရုပ်ဆောင်လည်းဖြစ်သူ ဦးကျော်သူက ပြောကြားသည်။

“သံချပ်နှစ်ပုဒ် စီစဉ်ထားတယ်။ တစ်ပုဒ်ကို ၁ နာရီ နီးပါးကြာမယ်။ စက် စက်ယိုကျေးရွာက ဆံရစ်ဝိုင်း ကလေးငယ်တွေလည်း သံချပ်အဖွဲ့မှာပါမယ်။ သူတို့က ယိမ်းအက ကကြပါမယ်။ သံချပ်တွေကတော့ နိုင်ငံရေးနဲ့ ပရဟိတအကြောင်း ပါမယ်”ဟု ၎င်းက ပြောဆိုသည်။

သံချပ်စာသားများမှာ ခေတ်စနစ်ကို မြင်သာစေပြီး ပြုပြင်စရာများ လိုအပ်ချက်များကို သီဆိုကြခြင်းဖြစ်သောကြောင့် သံချပ် ဖျော်ဖြေမှုများကို ကြည့်ရှု နားဆင်ရသည်မှာ မျက်မှောက်ခေတ်ကာလကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ကြောင်း အောင်မြေသာစံမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင် ဦးသီဟက ပြောကြားသည်။ 

လက်ရှိအစိုးရ၏ လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းများနှင့် မဘသ တို့ကို သရော်ထားသော စာသားများဖြင့် ဖျော်ဖြေရန် စီစဉ်ထားကြောင်း သံချပ်ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေသည့် သံချပ်အဖွဲ့ တစ်ဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့တော် သံချပ်ပြိုင်ပွဲဝင်ရန် စာရင်းပေးထားသည့် သံချပ်အဖွဲ့ ၁၀  ဖွဲ့ကျော်ရှိနေပြီး၊ ပထမဆု ကျပ် ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၁၀ သိန်းနှင့် တတိယဆု  ကျပ်ခုနစ်သိန်း ချီးမြှင့်မည်ဖြစ်ပြီး၊ စာရင်း ပေးသွင်းထားသည့် အဖွဲ့များ၏ သံချပ်စာသားများကို သံချပ်စိစစ်ရေး ကော်မတီက စိစစ်လျက်ရှိကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

M-03


  • VIA