News

POST TYPE

POPULAR POST

ချင်းပြည်နယ်အတွင်း လူ ၂၀ဝ၀ ခန့် စားဝတ်နေရေး အခက်ကြုံ
04-Apr-2017

မန္တလေး၊ ဧပြီ ၃

ချင်းပြည်နယ်အတွင်း မြေပြိုမှုများကြောင့် ပြောင်းရွှေ့နေထိုင်သူ လူဦးရေ ၂၀ဝ၀ ခန့် စားဝတ်နေရေး ခက်ခဲနေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်ထံမှ သိရသည်။

၂၀၁၅ ခုနှစ် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ခဲ့ရာ တွန်းဇံ၊ မတူပီ၊ ဖလမ်းနှင့် တီးတိန်မြို့နယ်တို့မှ အိမ်ထောင်စု ၅၇၀ ခန့်  ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရကြောင်း၊ ၎င်းတို့ကို ဖလမ်းမြို့နယ်၊ ဝေဘူလ ကျေးရွာအုပ်စု၊ ဘွာလ်ဘီးလ် ကွင်းအမှတ် ၁၄၄ ဆီးယင်းကြိုးပြင် ကာကွယ်ရေး သစ်တောမြေအတွင်းရှိ ဧက ၁၀ဝ ခန့်တွင် နေရာချထားပေးခဲ့ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် သစ်တောဝန်ကြီး ဦးမာန်ဟင်ဒါက ၂၀၁၆ ခုနှစ် မေလတွင် ရွာမြေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း အဆိုပါကွန်ရက် (ဗဟို) ၏ မူဝါဒရေးရာ ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားသည်။ 

ယင်းသို့ နေထိုင်နေခဲ့ရာမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ချင်းပြည်နယ် အစိုးရအဖွဲ့က သစ်တောမြေဟုဆိုကာ စက်ယန္တရားကြီးများဖြင့် ဖယ်ရှားခဲ့ခြင်းကြောင့် စားဝတ်နေရေး ခက်ခဲနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ချင်းပြည်နယ်အတွင်း မြေပြိုမှုကြောင့် ဒုက္ခကြုံနေရသူများနှင့် ပတ်သက်၍ မန္တလေးမြို့တော်ရှိ မီဒီယာစင်တာ၌ ဧပြီလ ၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မြန်မာနိုင်ငံ တောင်သူ လယ်သမား အကျိုးဆောင် ကွန်ရက်အဖွဲ့က ပြောဆိုခြင်းဖြစ်သည်။

“အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို စာလည်းပို့တယ်။ လူကိုယ်တိုင်လည်း သွားတွေ့တယ်။ ခုချိန်ထိ အကြောင်းမထူးသေးဘူး။ ဒုက္ခကြုံနေတဲ့ ၁၈ ဦးကိုတောင် အကျိုးဖျက်ဆီးတယ်ဆိုပြီး တရားစွဲထားသေးတယ်”ဟု ဦးကြည်လွင်က ထပ်လောင်း ပြောဆိုသည်။

ယင်းသို့ ဖယ်ရှားခံခဲ့ရပြီးနောက် စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်၊ ဆီးဆန်ရွာရှိ ခရစ်ယာန် ဘာသာရေးကျောင်းတွင် ခိုလှုံနေရကြောင်း၊ ယင်းသို့ ခိုလှုံနေသည်ကို စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ထပ်မံ ဖယ်ရှားခဲ့ကြောင်း ဒုက္ခသည်တစ်ဦးဖြစ်သည့် ဒေါ်လှောန်နိုင်ပါးရ်က ပြောကြားသည်။ 
“လက်ရှိမှာ စားဝတ်နေရေးကအစ ခက်ခဲနေတယ်။ ကျွန်မတို့မှာ အလုပ်မရှိဘူး။ ငွေမရှိဘူး။ ပိုဆိုးတာက ကျောင်းသားတွေ ကျောင်းမတက်နိုင်ဘူး ဖြစ်နေတယ်။ အစိုးရအဖွဲ့တွေက ဘာမှ မထောက်ပံ့ဘူး။ သတင်းတောင် လာမမေးဘူး။ သူပုန်ရွာလို၊ တရားမဝင် နေထိုင်နေတဲ့သူတွေလို ဖျက်ဆီးခံခဲ့ရတာ နားမလည်နိုင်ဘူး ဖြစ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

မြေပြိုမှုများကြောင့် အမှန်တကယ် ဒုက္ခရောက်နေသူများကို နေရာချပေးထားကြောင်း၊ ဖယ်ရှားခံရသူ အများစုသည် မြေပြိုမှုကြောင့် ဒုက္ခကြုံနေရသူများ မဟုတ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဦးရာဇာမြင့်က ပြောကြားသည်။

“အဲဒီမှာ နေတဲ့သူတွေက မြေပြိုလို့ ဘေးသင့်တဲ့သူတွေ မဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကို ပြီးခဲ့တဲ့ ရှစ်လကိုးလလောက်ကတည်းက အစီရင်ခံစာ တင်ထားပြီးပြီ”ဟု ၎င်းက ပြောဆိုသည်။ 

M-05


  • VIA