News

POST TYPE

POPULAR POST

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင် ၂၀ဝ ကျော် ရွာလုံးကျွတ်နီးပါး နုတ်ထွက်
04-Apr-2017
မော်လမြိုင်၊ ဧပြီ ၃

မွန်ပြည်နယ် ရေးမြို့နယ် တောင်ပြင်ကျေးရွာမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဝင် ၂၀ဝ ကျော်တို့ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ရွာလုံးကျွတ်နီးပါး ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြောင်း တောင်ပြင်ကျေးရွာ (AMDP) ဥက္ကဋ္ဌ နိုင်မွန်စိုက်က ပြောကြားသည်။

“ပါတီ ခေါင်းဆောင်တွေကို လက်မခံနိုင်လို့ ကျွန်တော်တို့ မလုပ်နိုင်တော့ဘူး၊ ပါတီကနေ နုတ်ထွက်တာလည်း စာတင်မှာ မဟုတ်ဘူး၊ ဘာလို့လည်း ဆိုတော့ ဗဟိုအလုပ် အမှုဆောင် နိုင်ဥသာကို ပါတီကနေ ထုတ်လိုက်တုန်းကလည်း ဘာအကြောင်းကြားစာမှ ပို့မထားလို့၊ ဒါကို အခြေခံပြီး ကျွန်တော်တို့ နုတ်ထွက်တာကိုလည်း စာတင်မှာ မဟုတ်ဘူး”ဟု ၎င်းက ရှင်းပြသည်။ 

တောင်ပြင်ကျေးရွာတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ (AMDP) ပါတီအဖွဲ့ဝင် ၂၉၀ ရှိပြီး ပါတီဝင် သက်သေခံ လက်မှတ် ရရှိထားသူ ၂၆၆ ဦးအနက် ၂၀ဝ ကျော်မှာ ပါတီမှ နှုတ်ထွက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ကျေးရွာရှိ ပါတီ ရုံးဆိုင်းဘုတ်နှင့် အလံတို့ကိုလည်း ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
 
“ကျေးရွာပါတီရုံး ဆိုင်းဘုတ်နဲ့၊ အလံတို့ကို ဖြုတ်ချလိုက်ပြီး၊ ပစ္စည်းတွေကိုတော သေချာ သိမ်းထားပါတယ်၊ အခုက ၂၀ဝ ကျော် ထွက်လိုက်ပြီး ကျန်နေတဲ့လူတွေနဲ့ ကျွန်တော်တို့ အဆက်အသွယ် မရသေးဘူး တကယ်လို့ လုပ်ချင်တဲ့လူရှိရင် ဒီပါတီ ဆိုင်းဘုတ်တွေ အလံတွေကို ပြန်အပ်ပေးမှာပါ”ဟု ၎င်းက ပြောကြားသည်။

ပါတီမှ နှုတ်ထွက်ရခြင်းမှာ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မွန်ပါတီ ညှိနှိုင်းပေါင်းစည်းရေး အဖွဲ့ကို လက်မခံခြင်း၊ မွန်လူမျိုးကို ကိုယ်စားပြုသည့်  ပါတီတစ်ခုအနေနှင့် မွန်လူမျိုးတို့၏အသံနှင့် ပါတီဝင်တို့၏ အသံကို နားမထောင်ခြင်း၊ ဗဟိုမှ ဆုံးဖြတ်ချက် ချထားသည့်အတိုင်း ပါတီပေါင်းစည်းရေး လမ်းပြမြေပုံကို ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့မှ ရုပ်သိမ်းလိုက်ခြင်း၊ ပါတီပေါင်းစည်းရေး လုပ်ငန်းကို လုပ်ဆောင်သော နိုင်ဥသာကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းတို့ကြောင့် ကျေးရွာပါတီဝင် အစည်းအဝေး ပြုလုပ်ပြီးနောက် ပါတီမှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း တောင်ပြင်ကျေးရွာ (AMDP) ပါတီထံမှ သိရသည်။
 
“အနာဂတ်အတွက် ပြည်သူတွေရဲ့ဆန္ဒ လူငယ်တွေရဲ့ ဆန္ဒအတိုင်း ဖြစ်မလာဘူးဆိုရင်တော့ ကျွန်တော်တို့ ကျေးရွာ ပါတီဝင် အဖွဲ့တွေ ရှေ့ဆက်ပါတီထဲ လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူး၊ ကျွန်တော်ကို ထုတ်တယ်ဆိုတာက မတ်လ ၂၄ ရက်နေ့ ဗဟို အလုပ်မှုဆောင် အစည်းအဝေးမှာ အပြီးမှာ အကြောင်းကြားစာ ဘာမှမရှိပဲ မီဒီယာကနေတဆင့် ပြောလိုက်တယ်၊ အခုအချိန်ထိ ကျွန်တော့ကို ပါတီကနေ ထုတ်လိုက်တယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်မလာခဲ့ဘူး”ဟု ပါတီမှ ထုတ်ပယ်ခြင်းခံရသူ ဗဟိုအလုပ်အမှုဆောင် နိုင်ဥသာက ပြောကြားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) သည့် ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်တွင် မွန်လူမျိုးများကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် ပါတီတစ်ခုဖြစ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အများစု ရွေးချယ်ခံရသော်လည်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသာ အနိုင်ရခဲ့သည်။ 


  • VIA