News

POST TYPE

POPULAR POST

ကွမ်းယာဆိုင်တွင် ဘိန်းဖြူများ ဖမ်းမိ
04-Apr-2017
ရန်ကုန်၊ ဧပြီ ၃ 

စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်၊ ဇေတဝန်လမ်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် ရှောက်သီးဆေးပြား ဘူးများနှင့်အတူ ရောနှော ရောင်းချသည့် ဘိန်းဖြူများ ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးများ ရောင်းချနေသည်ဟု သတင်းအရ ဧပြီလ ၂ ရက် နံနက် ၁၁ နာရီခန့်က ဝင်ရောက် ရှာဖွေရာ ရှောက်သီးဆေးပြားဘူးများနှင့်အတူ ရောနှောထည့်ထားသည့် ပလတ်စတစ် အဖြူရောင် ကော်ဗူးအတွင်းမှ ဘိန်းဖြူဟု ယူဆရသော အဖြူရောင် အမှုန့် (ဝ.၈) ဂရမ်ခန့်ကိုလည်းကောင်း၊ ၎င်းတို့နေအိမ်အတွင်းမှ ဘိန်းဖြူဟု ယူဆရသော အလေးချိန် ၇ ဂရမ်ခန့်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုထားသည့် ဆေးထိုးအပ်ပါပြွန် ၃ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်း ရရှိခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ စမ်းချောင်းမြို့မရဲစခန်းထံမှ သိရသည်။

“မူးယစ်ဆေးဝါးတွေ ရောင်းချနေတယ်လို့ သိရတာနဲ့ ဝင်ရှာဖွေတာပါ၊ ကွမ်းယာဆိုင်နဲ့ အိမ်က ရှေ့နောက်လေးပဲ၊ ကွမ်းယာဆိုင်က ရှောက်သီးဆေးဗူးတွေ ထည့်ထားတဲ့ခြင်းထဲကနေ တွေ့တာ၊ ပြီးတော့ သူတို့အိမ်ထဲ ရှာဖွေတဲ့အချိန်မှာ ဘိန်းဖြူတွေအပြင် သုံးပြီးသားဆေးထိုးပြွန်တွေပါ တွေ့ခဲ့တယ်၊ အဲဒါကြောင့် သူတို့နှစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှု ပုဒ်မတွေနဲ့ အရေးယူထားပါတယ်”ဟု စမ်းချောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချသူနှစ်ဦးမှာ အသက် ၃၁ နှစ်အရွယ် ကိုဆန်းလင်းဦးနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၉ နှစ်အရွယ် မမိဇင်တို့ဖြစ်ပြီး စမ်းချောင်းမြို့မရဲစခန်းမှ မယ(ပ)၇/၁၇၊ မူးယစ်ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။

အလားတူ ဧပြီလ ၃ ရက် နံနက် ၅ နာရီခန့်က လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်းတွင် လမ်းလျှောက်နေသည့် အသက် ၂၀ အရွယ် ကိုသက်ဖြိုးလှိုင်နှင့် အသက် ၂၃ နှစ်အရွယ် မသူဇာအေးတို့ နှစ်ဦးထံမှ WY စာတမ်းပါ မူးယစ်စိတ်ကြွ ဆေးပြား ၃၁၁ ပြားနှင့်အတူ ဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့သဖြင့် လှိုင်သာမြို့မ ရဲစခန်းမှ မယ (ပ)၁၀/ ၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉(က)/ ၂၀ (က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

J-16


  • VIA