News

POST TYPE

POPULAR POST

ယာမြေစိုက်ပျိုးစရိတ် တစ်ဧက ကျပ်ငါးသောင်းအထိ တိုးချေးရန်စီစဉ်
03-Apr-2017
ရန်ကုန်၊ ဧပြီ ၃ 

ပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးကြသည့် ယာမြေတစ်ဧက စိုက်ပျိုးစရိတ်ကို ကျပ်နှစ်သောင်း ထုတ်ချေးလျက်ရှိရာမှ ကျပ်ငါးသောင်းအထိ တိုးချေးပေးရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။ 

ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆီထွက်သီးနှံစိုက် တောင်သူများ အမှန်တကယ် ကုန်ကျသည့် တစ်ဧက စိုက်ပျိုးစရိတ်မှာ ကျပ်သုံးသိန်းခုနစ်သောင်းကျော်ရှိသောကြောင့် တစ်ဧကစိုက်စရိတ်ကို တိုးမြှင့်ချေးပေးရန်အတွက် ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းက တင်ပြခဲ့ခြင်းဖြစ်သည်။ 

“ပြည်ထောင်စုဝန်ကြီး အနေနဲ့ ငါးသောင်းအထိ တိုးပေးမယ်ဆိုပြီး ပြောသွားတာပါ။ အချိန်ကိုတော့ အတိအကျကြီး မပြောပါဘူး။ စီမံ/ဘဏ္ဍာ ပြည်ထောင်စု ဝန်ကြီးကို ပြန်တင်ပြပြီး ညှိနှိုင်းလုပ်ဆောင်ပေးမယ်လို့ ပြောပါတယ်။ ယာမြေတွေကို ချေးပေးတဲ့ စိုက်ပျိုးစရိတ် နည်းတဲ့အတွက် စိုက်ပျိုးလိုတဲ့သူလည်း မရှိတာကြောင့် ဒါကိုတိုးပေးဖို့ သင့်တော်တယ်ဆိုပြီး တင်ပြတာပါ”ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုးက ရှင်းပြသည်။ 

စပါးစိုက်ဧက တစ်ဧကကို စိုက်ပျိုး စရိတ်ချေးငွေ ကျပ်တစ်သိန်းခွဲ ရရှိပြီး ပဲ၊ နှမ်းနှင့် ဆီထွက်သီးနှံ စိုက်ပျိုးကြသည့် တောင်သူများအနေနှင့် တစ်ဧက ကျပ်နှစ်သောင်းသာ ရရှိသောကြောင့် အမှန်တကယ် စိုက်ပျိုးရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း၊ ပြည်တွင်းသီးနှံ စိုက်ပျိုးသည့်ကဏ္ဍ ဖွံ့ဖြိုးရန်အတွက် ငွေအရင်းအနှီး၊ နည်းပညာနှင့် မျိုးကောင်းမျိုးစေ့တို့ ပံ့ပိုးပေးရန်အတွက်လည်း ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားကြောင်း ယင်းအသင်းထံမှ သိရသည်။ 

J-11


  • VIA