News

POST TYPE

POPULAR POST

အများပိုင်မြေ ပြန်မအပ်ပါက မြို့နယ် မ.ထ.သ ဥက္ကဋ္ဌကို တရားစွဲမည်
03-Apr-2017
ရန်ကုန်၊ ဧပြီ ၃ 

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြုံကုန်းမြို့နယ် မ.ထ.သပိုင် မြေနေရာကို အလွဲသုံးစား ပြုလုပ်၍ ရောင်းချခဲ့သည့် မြို့နယ် မ.ထ.သ ဥက္ကဋ္ဌကို မြေပြန်မအပ်ပါက တရားစွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဧပြီလ ၃ ရက်၌ ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ကွမ်းခြုံကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းက မြို့နယ် မ.ထ.သ အသင်းပိုင် မြေနေရာကို ပြန်လည်အပ်နှံခြင်း မရှိဘဲ အသင်းဥက္ကဋ္ဌ အမည်ပေါက် ရယူထားသည့်ကိစ္စနှင့်ပတ်သက်၍ မေးခွန်း မေးမြန်းရာတွင် ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည် ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ ဧရိယာ ဝ ဒသမ ၂၁၆ ဧက ကျယ်ဝန်းသည့် မြေနေရာကို မြို့နယ် မ.ထ.သ ဥက္ကဋ္ဌ ဦးမြတ်ကျော်က အသင်းဝင်များကို အသိမပေးဘဲ ၂၀၁၄ အောက်တိုဘာလတွင် ရတနာ စက်သုံးဆီ အရောင်းဆိုင်ထံ ကျပ်သိန်း သုံးရာဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ အများမြေကို ကိုယ်ကျိုးအတွက် အသုံးချထားမှုကို ဦးမြတ်ကျော် အနေနှင့် အများပြည်သူများ အသုံးပြုနိုင်ရန် ပြန်လည် လွှဲပြောင်းပေးရန်နှင့် လွှဲ ပြောင်းပေးခြင်း မရှိပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ဆိုသည်။

ဦးမြတ်ကျော်ကို ရန်ကုန်တိုင်းအစိုးရက မေးမြန်းချက်အရ ၎င်းအနေဖြင့် မြို့နယ် မ.ထ.သ အဖွဲ့ဝင်များကို အသိမပေးဘဲ ရတနာ စက်သုံးဆီဆိုင်ထံ မြေဧရိယာ ဝ ဒသမ ၁၁၅ ဧကကို ရောင်းချခဲ့သည့်ကိစ္စကို ၎င်းတွင် တာဝန် ရှိပါကြောင်း၊ ထိုက်သင့်သည့် အရေးယူ ဆောင်ရွက်မှုကို ခံယူရန် ပြင်ဆင်ထားပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု တိုင်းဝန်ကြီး ဒေါ်နီလာကျော်က ဆိုသည်။

“ဦးမြတ်ကျော် အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှုဖြင့် မြို့နယ် မော်တော်ယာဉ် အသင်းဝင်များနဲ့ တွေ့ဆုံကာ မြို့နယ် အသင်းပိုင် ဝ ဒသမ ၂၆၅ ဧကအား အများပြည်သူ အသုံးပြုနိုင်ရန် ပြန်လည် လွှဲပြောင်းပေးရန်၊ ပြန်လည် လွှဲပြောင်းခြင်း မရှိပါက တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြို့နယ် မော်တော်ယာဉ် အသင်းဝင်ဟောင်းများ၏ ဆန္ဒနဲ့အညီ အများပြည်သူနှင့် သက်ဆိုင်သော အသုံးပြုမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်”ဟု တိုင်းဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အဆိုပါ မြေနေရာကို မ.ထ.သ အဖွဲ့ ဖျက်သိမ်း၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အဖွဲ့ထံ ပြန်လည် အပ်နှံရာတွင် ရုံးဆောက်ထားသည့် ပေ ၄၀ x ၆၀ မြေကိုသာ ပြန်လည် အပ်နှံခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းက ပြောဆိုသည်။

အဆိုပါ မြေနေရာကို မ.ထ.သ မြို့နယ် အသင်းဝင်များက ၁၉၉၃ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဝယ်ယူခဲ့ကြခြင်း ဖြစ်ကြောင်း တိုင်းအစိုးရထံမှ သိရသည်။

J-08


  • VIA