News

POST TYPE

POPULAR POST

စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ တိုးတက်ရန် ဩစတြီးယားကူညီမည်
03-Apr-2017

ရန်ကုန်၊ ဧပြီ ၃ 

ပြည်တွင်း စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဩစတြီးယား လုပ်ငန်းရှင်များက စိတ်ဝင်စားလျက်ရှိပြီး ယင်းကဏ္ဍများအတွက် ချေးငွေများ ပံ့ပိုး ကူညီမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။

ဩစတြီးယား လုပ်ငန်းရှင် ၅၀ ခန့်သည် မတ်လ နောက်ဆုံးပတ်က မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကုန်သည် စက်မှုအသင်းချုပ်တွင် “Myanmar-Austria Business Matching” ပြုလုပ်ခဲ့ကြောင်း၊ လယ်ယာသုံး စက်ကိရိယာ ထုတ်လုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း၊ ရေထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လိုသည့် ပြည်တွင်း လုပ်ငန်းရှင်များသည် ဩစတြီးယား လုပ်ငန်းရှင်များကို တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။ 

“သူတို့ဘက်ကပေးမယ့် ချေးငွေ အစီအစဉ်တွေကတော့ ဆွေးနွေးဆဲပါ။ သူတို့ အနေနဲ့လည်း ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းလုပ်ဖို့အတွက် အရမ်း စိတ်ဝင်စားကြပါတယ်။ ပူးပေါင်း လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်း လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ နည်းပညာနှင့် စက်ပစ္စည်းများ ပူးပေါင်း ထုတ်လုပ်မည်ဖြစ်ပြီး စိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံရန် အတွက်လည်း စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆွေးနွေးလျက်ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်ထံမှ သိရသည်။ 

J-11


  • VIA