News

POST TYPE

POPULAR POST

မန္တလေးခရိုင်ရှိ ရှေးဟောင်း အဆောက်အအုံများကို အဆင့်ခွဲခြား သတ်မှတ်ရန် စီစဉ်
03-Apr-2017

မန္တလေး၊ ဧပြီ ၂

မန္တလေးခရိုင်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများနှင့် နေရာများကို ဧပြီလကုန်ပိုင်းကစ၍ အဆင့် ခွဲခြား သတ်မှတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရှေးဟောင်း အမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းနိုင်ရန်၊ နိုင်ငံခြားသား ခရီးသွားများကို ပိုမို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ မန္တလေးခရိုင်အတွင်းရှိ ရှေးဟောင်း အမွေအနှစ် စာရင်းကို မန္တလေး နည်းပညာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက မတ်လ ပထမပတ်ကစ၍ စာရင်း ကောက်ယူပေးနေကြောင်း၊ ရရှိလာသည့် စာရင်းများကို ဧပြီလကုန်ပိုင်းကစ၍ တိုင်းအစိုးရအဖွဲ့က အဖွဲ့များဖွဲ့၍ အဆင့်ခွဲခြား သတ်မှတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောကြားသည်။

ယင်းသို့ အဆင့်ခွဲခြား သတ်မှတ်ရာတွင် ယူနက်စကိုအဆင့် ထိန်းသိမ်းသင့်သည့် အမွေအနှစ်များ၊ တိုင်းအစိုးရ အစီအစဉ်ဖြင့် ထိန်းသိမ်းသင့်သည့် အမွေအနှစ်များဟူ၍ အဆင့်ခွဲကာ စာရင်းပြုစုမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

မန္တလေးမြို့ပေါ် ငါးမြို့နယ်အတွင်းရှိ  ရှေးဟောင်း အဆောက်အအုံများနှင့် နေရာများ စာရင်း ကောက်ယူပြုစုခြင်း လုပ်ငန်းကို မန္တလေး နည်းပညာတက္ကသိုလ် ဗိသုကာဌာန သုတေသနအဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ဖူးသည်။ 

ယင်းအချိန်က ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နှင့် အောင်မြေသာစံမြို့နယ်တို့တွင် ပြုလုပ်ခဲ့ကြောင်း၊ ယခုပြုလုပ်မည့် အစီအစဉ်တွင် အမရပူရမြို့နယ်ကိုပါ ထည့်သွင်းထားသည်။

စာရင်း ကောက်ယူပြီးစီးပါက ထိန်းသိမ်းခြင်း လုပ်ငန်းများကို နယ်ပယ်စုံမှ ပညာရှင်များနှင့် ထိန်းသိမ်းမှု လုပ်ငန်းများ ပြုလုပ်မည်ဖြစ်ပြီး ၂၀၁၇ နှစ်လယ်ပိုင်းတွင် Mandalay- Heritage Trust ဖွဲ့စည်းနိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်ထားသည်။ 

M-05


  • VIA