News

POST TYPE

POPULAR POST

ပဲတစ်တန်လျှင် နှစ်သိန်းခန့်အထိ ဈေးပြန်ကျ
12-Mar-2017

ရန်ကုန်၊ မတ် ၁၂

မြန်မာ့ပဲမျိုးစုံ အဓိက ဝယ်ယူလျက်ရှိသော အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ပြန်လည် လျော့ကျသည့်အတွက် ပြည်ပပို့ ဈေးနှုန်းများသည် တစ်တန်လျှင် ကျပ် ခုနစ်သောင်းမှ နှစ်သိန်းခန့်အထိ ပြန်လည် ကျဆင်းကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ပဲဈေးနှုန်းများသည် မတ်လ ပထမပတ်အတွင်းက အိန္ဒိယအဝယ် ကောင်းမွန်ခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်နေရာမှ ယခုအခါ ပြန်လည်ကျဆင်း လာခြင်းဖြစ်ပြီး မတ်ပဲတစ်တန်လျှင် ကျပ် ခုနစ်သောင်းခန့်၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ်ရှစ်သောင်းကျော်နှင့် ပဲတီစိမ်း တစ်တန်လျှင် ကျပ်နှစ်သိန်းခန့်အထိ ကျဆင်းသွားခြင်းဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

“အိန္ဒိယဘက်က Import Duty တွေ ကောက်မယ်ဆိုလို့ အဝယ် ပြန်အေးသွားတာပါ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ရှင်းပြသည်။

ပဲဈေးကွက် အခြေအနေသည် အိန္ဒိယနိုင်ငံ၏ ဝယ်ယူမှုအပေါ် မူတည်၍ အပြောင်းအလဲ ဖြစ်ပေါ်နိုင်ပြီး အိန္ဒိယ အစိုးရ၏ ကြေညာချက်များအရ မြန်မာ့ ပဲများကို ဆက်လက် ဝယ်ယူရန် မလိုအပ်တော့ဟု ဆိုထားသော်လည်း ဝယ်ယူနေဆဲဖြစ်ကြောင်း ပဲကုန်သည်များက ဆိုသည်။

လက်ရှိ မတ်ပဲ တစ်တန်လျှင် ကျပ် ၁,ဝ၉၀,ဝဝဝ ခန့်၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၇၆၈,ဝဝဝ ခန့်နှင့် ပဲတီစိမ်း တစ်တန်လျှင် ၁,၂၅၀,ဝဝဝ ခန့်ဈေးရှိကြောင်း ဘုရင့်နောင် ပဲဈေးကွက် အတွင်းမှ သိရသည်။

S-04


  • VIA