News

POST TYPE

POPULAR POST

ရန်ကုန်မြို့လယ်တွင် စိတ်ကြွဆေး သိန်း ၈၀ ဖိုး ဖမ်းမိ
12-Mar-2017
ရန်ကုန်၊ မတ် ၁၂

ကျောက်တံတားမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ၃၈ လမ်း (အလယ်ဘလောက်) ရှိ တိုက်ခန်းတစ်ခုတွင် မတ်လ ၁၂ ရက် နံနက် ၄ နာရီခန့်က WY စိတ်ကြွဆေး အပါအဝင် သိန်း ၈၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိခဲ့သည့် မူးယစ်ဆေးဝါးများမှာ WY စာတန်းပါ ပန်းရောင်၊ အစိမ်းရောင်များ ပါဝင်သည့် ဆေးပြားပေါင်း ၂၁၈၀ ပြားနှင့် ICE ဟုယူဆရသော အကြည်အခဲ အလေးချိန် တစ်ဂရမ်စီပါ ၁၄ ထုပ်၊ ဘိန်းဖြူဟု ယူဆရသော ဖြူဝါစပ် ကြားအမှုန့်ပါ ပင်နီဆီလင် နှစ်ပုလင်းနှင့် ဆေးခြောက်ဟု ယူဆရသော အရိုး၊ အရွက်ခြောက်၊ အစေ့ရောရာ အလေးချိန် ၉ ဂရမ်နှင့်အတူ ယင်းတိုက်ခန်းကို ငှားရမ်းနေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီး ရရှိခဲ့ကြောင်း  ကျောက်တံတား မြို့မရဲစခန်းထံမှ သိရသည်။

“သူတို့က သာကေတ အမှုရဲ့ ကွင်းဆက်ပါ၊ သာကေတမှာ မူးယစ်မှု နှစ်မှုရှိတယ်၊ အခုဒီမှာလည်း ထပ်ဖမ်းမိလို့ ထပ် အမှုဖွင့်တာ၊ ဒီမှာလည်း ထပ်ဖမ်းမိလို့ အမှုဖွင့်တာ၊ သူတို့က အရင်ကတည်းက ရောင်းချနေတယ်ဆိုတာ သတင်းတော့ ရထားတယ်၊ ဒါပေမဲ့ တကယ် ရှိ မရှိ အတည် ပြုမရလို့ ဖမ်းမရတာ၊ နေအိမ်ဧည့်ခန်း၊ ဘီရိုထဲနဲ့ သူတို့ အိပ်တဲ့အခန်းတွေထဲကနေ တွေ့ခဲ့တာပါ၊ သူတို့က ဒီအခန်းကို ငှားနေတာလို့ သိရတယ်”ဟု ကျောက်တံတားမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၃၄ အရွယ် ကိုဇော်မင်းဦး (ခ) အိုစမာနှင့် အသက် ၂၉ နှစ်အရွယ် မအေးမာအောင်တို့ဖြစ်ပြီး  ကျောက်တံတား မြို့မရဲစခန်းက မယ(ပ) ၂/၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က) ၂၁ ဖြင့် အမှု ဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း၊ သာကေတ မြို့မရဲစခန်းတွင် အလားတူ  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိသည့် အမှုပေါင်း ၂၀၁၅ ခုနှစ်တွင် ၅၄၆ မှု၊ ၂၀၁၆ ခုနှစ်တွင် ၉၃၆ မှုနှင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၁၃၄ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16


  • VIA