News

POST TYPE

POPULAR POST

သင်္ချာမေးခွန်းပါ ပုစ္ဆာအချို့ အမှား၊ အမှန်အငြင်းပွား
12-Mar-2017
ရန်ကုန်၊ မတ် ၁၂

ယခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာမေးခွန်းလွှာတွင် ပါရှိသော ပုစ္ဆာအချို့ မေးခွန်းမှားယွင်းကြောင်း သင်္ချာဘာသာရပ်သင် ဆရာများ၊ ဖြေဆိုသူ ဆယ်တန်း ကျောင်းသားများအကြား အငြင်းပွားလျက်ရှိကြောင်း ယင်းအသိုင်းအဝိုင်းထံမှ သိရှိရသည်။

သင်္ချာမေးခွန်း တစ်မှတ်တန် နံပါတ် ၁ (၂၄)၊ သုံးမှတ်တန် နံပါတ် (၄) တွင် မေးခွန်းပြည့်စုံမှု မရှိခြင်း၊ ငါးမှတ်တန်ဖြစ်သည့် နံပါတ် ၇ (အေ)၊ (ဘီ)၊ နံပါတ် ၈ (ဘီ) နှင့် နံပါတ် ၁၅ (အေ) တို့ မှားယွင်းကြောင်း ပညာရေး အသိုင်းအဝိုင်းတွင် ဝေဖန်ထောက်ပြမှုများ ဖြစ်ပေါ်နေပြီး ယင်းမေးခွန်းများ ဖြေဆိုသူ အားလုံးကို အမှတ်ပေးရန် တောင်းဆိုနေကြသည်။

ဘော်ဒါဆောင်တစ်ခုမှ သင်္ချာဘာသာရပ်သင်ဆရာ ဦးဇော်ဇော်တိုးက “ကျွန်တော်တို့နဲ့ ဆရာကြီးအချို့ အနေနဲ့ကတော့ မှားတယ်လို့ ယူဆတာပေါ့။ ဒါပေမဲ့ သူတို့ (မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန) အနေနဲ့ မမှားဘူးဆိုရင်လည်း မမှားတဲ့အကြောင်း ပြန်ဖြေရှင်းပေးရမှာပေါ့။ မှားတယ်ဆိုရင်လည်း မှားတဲ့အကြောင်း ဝန်ခံသင့်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်”ဟု ပြောကြားသည်။

မေးခွန်းအချို့၌ လိုအပ်ချက်များ ရှိခဲ့ပြီး ပုစ္ဆာတွင် ပေးထားချက်များ မပြည့်စုံခြင်းကြောင့် ကျောင်းသား  အနည်းငယ်သာ အဖြေထွက်အောင် တွက်နိုင်ပြီး အများစုမှာ ယင်းပုစ္ဆာများကို မဖြေဆိုနိုင်ခဲ့ကြောင်း၊ အဆိုပါမေးခွန်းများအတွက် စုစုပေါင်းရမှတ်မှာ (၂၄) မှတ်ရှိကြောင်း ၎င်းက ပြောဆိုသည်။

သင်္ချာမေးခွန်းပါ ပုစ္ဆာအချို့ အမှား၊ အမှန် အငြင်းပွားမှုနှင့်ပတ်သက်၍ အသေးစိတ် အတည်ပြု မေးမြန်းရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ထံ The Voice က ဖုန်းဆက်သွယ် မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

သင်္ချာဘာသာရပ်သင် အထက်တန်းပြဆရာ အငြိမ်းစား ဦးသန်းထွန်းက “ယေဘုယျ ခြုံပြောရမယ်ဆိုရင်တော့ ဒီမေးခွန်းဟာ ကျောင်းသားတွေအတွက် ဖြေနေစဉ်မှာ မှားတယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့ မေးခွန်းထုတ်တဲ့လူက မသေသပ်တာပါ။ သင်္ချာမေးခွန်းတစ်ခုဟာ ဒီလိုတော့ မဖြစ်သင့်ဘူး။ ဆိုလိုတာက ပြန်လည်စိစစ်မှု မရှိဘဲနဲ့ ပြီးပြီးရော လုပ်လိုက်တဲ့ အဓိပ္ပာယ်မျိုး ဖြစ်နေတယ်”ဟု မှတ်ချက်ပြုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေးခွန်းထုတ်သူကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန  တာဝန်ရှိသူများက စုံစမ်းမေးမြန်း၍ ရလဒ်များကို စာမေးပွဲကာလအတွင်း ပြည်သူလူထုထံ အမြန်ချပြပေးရန် လိုအပ်ကြောင်းနှင့် မှားယွင်းကြောင်း သတင်း ထွက်ပေါ်နေသည့် ယင်းပုစ္ဆာများကို ဖြေဆိုခဲ့သည့် ကျောင်းသားများ၏ နစ်နာမှုကို ထည့်သွင်း စဉ်းစားပေးရန် လိုအပ်ကြောင်း ဦးသန်းထွန်းက ပြောဆိုသည်။ 


  • VIA