News

POST TYPE

POPULAR POST

နောက်ဖေးလမ်းကြားတွင် အလှဆင်သည့်စီမံချက် စတင်
12-Mar-2017

ရန်ကုန်၊ မတ် ၁၂

ရန်ကုန်မြို့တွင်းရှိ နောက်ဖေးလမ်းကြားများ သန့်ရှင်းစေရန် ပန်းဘဲတန်းမြို့နယ် ၂၇ လမ်းရှိ နေအိမ်တစ်ခု၏ နောက်ဘက်တွင် ပန်းခြံငယ်အဖြစ် အလှဆင်သည့် စီမံချက်ကို စတင်ဆောင်ရွက်ထားကြောင်း တို့ရန်ကုန် တို့အိမ်ရာ (My Yangon  My Home) အနုပညာ ပွဲတော် စီစဉ်သူများထံမှ သိရသည်။

ပန်းခြံငယ်တစ်ခုအဖြစ် အလှဆင်ခြင်းကို မတ်လ ၁၁ ရက်မှစတင်၍ အဆိုပါ လမ်းရှိ အမှတ် ၇၉ နေအိမ် နောက်ဖေးတွင် အင်တာနေရှင်နယ် ကျောင်းများရှိ ကလေးများနှင့် ဒေသခံကလေးများက အိမ်နောက်ဖေး လမ်းကြားများတွင် ကလေး ပန်းချီများ ရေးဆွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း(My Yangon My Home) အနုပညာပွဲမှ ဖွင့်လှစ်ထားသည့် လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများတွင် အမှိုက်များကို မစွန့်ပစ်ရန် စည်းရုံးလှုံ့ဆော်မှုကို မြှင့်တင်သည့်အနေနှင့် အိမ်နောက်ဖေးလမ်းကြား ပန်းခြံငယ် တစ်ခုအဖြစ် အလှဆင်သည့် La  Casa စီမံချက်ကို ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ယင်းပန်းခြံငယ်ကို စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ၂ နာရီအထိ လာရောက် လေ့လာနိုင်ကြောင်း တို့ရန်ကုန် တို့အိမ်ရာ (My Yangon  My Home) အနုပညာပွဲထံမှ သိရသည်။

တို့ရန်ကုန် တို့အိမ်ရာ အနုပညာပွဲတော်ကို ဖေဖော်ဝါရီလ ၁၇ ရက်မှ မတ်လ ၁၂ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းအနုပညာပွဲတော်တွင် ရန်ကုန်မြို့ပြ၏ အမွေအနှစ်များကို ပုံဖော်ထားသည့် ကဗျာရွတ်ပွဲများ၊ ပန်းချီပြပွဲများ၊ ဓာတ်ပုံပြပွဲများ စသည့် အနုပညာ လှုပ်ရှားမှု ပွဲတော်များကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးနှင့် အခြားအဖွဲ့အစည်းများက ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။


  • VIA