News

POST TYPE

POPULAR POST

အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် အားလုံးပါဝင်သည့် ဝန်ဆောင်မှုဌာနများ ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်မည်
12-Mar-2017
နေပြည်တော်၊ မတ် ၁၂

အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် ဥပဒေရေးရာ၊ ကျန်းမာရေး စသည့် ဝန်ဆောင်မှုများ တစ်နေရာတည်း ရရှိစေမည့် ဝန်ဆောင်မှုဌာနများ ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ယင်းဝန်ဆောင်မှုဌာနများကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဖွင့်လှစ်၍ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။

မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်များတွင်ပါ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃ - ၂၀၂၂) တွင် ဖော်ပြထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီထံမှ သိရှိရသည်။

ယင်းဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ဦးဆောင်မှုဖြင့် Gender Equality Network (GEN)နှင့် ပူးပေါင်းပြီး အကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် ငယ်ရွယ်သော အမျိုးသမီးများအတွက် ဝန်ဆောင်မှုများကို တုံ့ပြန်ဆောင်ရွက်ပေးမည့် လေ့လာဆန်းစစ်မှုတစ်ခု မတ်လအတွင်း ထုတ်ပြန်နိုင်မည်ဟု ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။


  • VIA