News

POST TYPE

POPULAR POST

အသက်ကြီးသော အိမ်ထောင်သည် ယောကျ်ားများ ရဟန်း ဖြစ်လာနိုင်သည်ဟု ပုပ်ရဟန်းမင်းကြီး ပြောကြား
12-Mar-2017
ဗာတီကန်၊ မတ် ၁၁  

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပစ်ပယ်ခံ အသိုင်းအဝိုင်းများမှ အသက်ကြီးသော အိမ်ထောင်သည် ယောက်ျားများအား ရဟန်းအဖြစ် ချီးမြှောက်ရေးကို စဉ်းစားလိုသော်လည်း ရဟန်းမလုံလောက်မှုကို ကိုင်တွယ်ရန် နည်းလမ်းရှာခြင်း မဟုတ်ဟု ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ရဟန်းမလုံလောက်မှုသည် ရိုမန်ကက်သလစ် ရဟန်းများအဖြစ် တစ်ကိုယ်ရေသမားများကိုသာ ချီးမြှောက်သည့် ဓလေ့ကို အဆုံးသတ်ရန် တောင်းဆိုမှုများကို ဖြစ်ပေါ်လာစေသည်။

၎င်းအစီအစဉ်သည် ကက်သလစ် ဘုရားကျောင်း၏ တော်လှန်ပြောင်းလဲမှုတစ်ရပ် ဖြစ်နိုင်သော်လည်း ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ 

သို့ရာတွင် အိမ်ထောင်ရှိစေကာမူ မိသားစုများ ကြီးပြင်းကာ အကျင့်စရိုက်ကောင်းသော အသက်ကြီး အမျိုးသားများကို ရဟန်းအဖြစ် ချီးမြှောက်ရန် ကက်သလစ် ပြုပြင်ပြောင်းလဲရေး အုပ်စုများက ဗာတီကန် ကျောင်းတော်ကို အကြံပြုလျက် ရှိသည်။

အထီးကျန် သီးခြားရပ်တည်နေသော နယ်မြေများတွင် ယင်းကဲ့သို့ ဆန္ဒအလျောက် ရဟန်းဘဝ ခံယူသူများကို ခွင့်ပြုရန်နှင့် ၎င်းတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆုံးဖြတ်ပေးရန် စဉ်းစားနေသည်ဟု ပုပ်ရဟန်းမင်းကြီးက ဂျာမန်သတင်းစာ Die Zeit သို့ ပြောကြားသည်။

အမေရိကန် ဘုရားကျောင်းများမှ တိုးတက်သောအစုနှင့် ရှေးရိုးစွဲအစု နှစ်စုစလုံးက ပုပ်ရဟန်းမင်းကြီး၏ အစီအစဉ်သည် ရဟန်းမလုံလောက်မှု ပြဿနာအပေါ် လက်တွေ့ကျကျ ဖြေရှင်းမှုဟု ရှုမြင်ကြပြီး ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။

၂၀၁၅ ခုနှစ်က အမေရိကန် တက္ကသိုလ် အစီရင်ခံစာတစ်စောင်တွင် ၁၉၈၀ မှ ၂၀၁၂ အကြား ကမ္ဘာ့ကက်သလစ် လူဦးရေသည် ၄၄၅ သန်း (၅၇ ရာခိုင်နှုန်း) တိုးတက်လာခဲ့သော်လည်း ရဟန်းအရေအတွက်မှာမူ ၂၀,၅၄၇ ဦး (၁၇ ရာခိုင်နှုန်း) အထိ ကျဆင်းသွားခဲ့သည်ဟု ဖော်ပြထားသည်။

အခြားနိုင်ငံများထက် ကက်သလစ် ဘာသာဝင် ပိုများသော ဘရာဇီးနိုင်ငံကလည်း ထိုအစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ဗာတီကန်ကျောင်းတော်သည် ရဟန်းမလုံလောက်မှု ပြဿနာကို ဖြေရှင်းရန်အတွက် ဘုရားကျောင်းတွင် အဆင့်အလိုက် ဘုန်းတော်ကြီး၏ နောက်တွင် ထိုင်ခွင့်ရသော deacons ရဟန်းများ (လက်ထပ်ခွင့်ရှိသည်) ကို အားပေးမြှင့်တင်ခြင်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ 

Deacons ရဟန်းများသည် နှစ်ခြင်းမင်္ဂလာ၊ လက်ထပ်မင်္ဂလာနှင့် အသုဘတို့ကို ဆောင်ရွက်နိုင်သော်လည်း ဘုရင်ဂျီ ဝတ်ပြုဆုတောင်းပွဲ၊ အာပတ်ဖြေခြင်းနှင့် ဘိသိက်မြှောက်ခြင်းတို့ကို ပြုလုပ်ခွင့် မရှိပေ။

လက်ထပ်ထားခွင့်ရှိသော deacons ရဟန်းအရေအတွက် တိုးလာမှုကြောင့် အမေရိကန် ကက်သလစ်ကျောင်းများတွင် အဆင်ပြေသွားသော်လည်း ထိုအချက်က တစ်ကိုယ်ရေ ရဟန်းများအပေါ် ရိုက်ခတ်မှု ရှိမည်ကို စိုးရိမ်သည်ဟု ကက်သလစ် ရှေးရိုးစွဲအစုမှ ဥက္ကဋ္ဌ ဘီလ်ဒိုနိုဟူးက ပြောကြားသည်။

ပုပ်ဖရန်စစ် ဂိုဏ်းချုပ်ဘုန်းကြီး ဖြစ်ခဲ့စဉ်က နေထိုင်ခဲ့သော အာဂျင်တီးနား ဗျူနိုအေရီစ်မှ ဒေသခံများကလည်း ပုပ်ဖရန်စစ်၏ တိုးတက်ပြောင်းလဲသော အတွေးအခေါ်ကို ထောက်ခံခဲ့ကြသည်။ 

F-04