News

POST TYPE

POPULAR POST

ခုံး၊ ကမာ၊ ခရုမျိုးစုံ စီးပွားဖြစ်မွေးရန် ဂျပန် လေ့လာ
12-Mar-2017
မြိတ်၊ မတ် ၁၁

မြိတ်ကျွန်းစုဒေသနှင့် မြိတ်ကမ်းရိုးတန်းဒေသ တစ်လျှောက်တွင် ခုံး၊ ကမာ၊ ခရုမျိုးစုံနှင့် အခွံမာ သတ္တဝါများကို စီးပွားဖြစ် မွေးမြူနိုင်ရန် ဂျပန်နိုင်ငံ JIRCAS အဖွဲ့က လေ့လာနေသည်ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

JIRCAS အဖွဲ့မှ ပညာရှင်များ ကွင်းဆင်းသုတေသနပြုနေပြီး စီးပွားဖြစ် မွေးမြူနိုင်ပါက နည်းပညာ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း အထက်ပါ ဌာနမှ သိရသည်။

“ခုံး၊ ကမာ(မုတ်ကောင်)၊ ခရုမျိုးစုံကို သုတေသနလုပ်ပြီးတော့ မွေးမြူတဲ့ နည်းစနစ်တွေ ဘယ်မျိုးစိတ်ကို ဘယ်လိုမွေးမြူမလဲ ဆိုတာကို ဒေသခံတွေ မွေးမြူလို့ရမယ့် နည်းစနစ်တွေပေးပြီး အကူအညီ ပေးသွားမှာပါ” ဟု မြိတ်ခရိုင် ငါးဦးစီးမှူး ဦးစိန်သောင်းက ပြောသည်။

မြိတ်ကျွန်းစုဒေသသည် ကမာ (မုတ်ကောင်) မွေးမြူရန် ရေမြေသဘာဝအရ သင့်တော်ကောင်းမွန်ပြီး ယခုမွေးမြူမည့် ကမာများကို ပုလဲမွေးမြူရန်အတွက် မဟုတ်ဘဲ အသားစားသုံးရန် အတွက်သာ မွေးမြူမည် ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ JIRCAS၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ နားလည်မှု စာချွန်လွှာ ရေးထိုးထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သုတေသန ပြုလုပ်သွားမည်ဖြစ်ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ဘယ်နေရာမှာမွေးမယ် ဆိုတာ အတိအကျတော့ မပြောနိုင်သေးဘူး၊ နေရာဒေသတွေလည်း ကွင်းဆင်းလေ့လာနေဆဲပါ” ဟု မြိတ်မြို့နယ်၊ ပျဉ်ထပ်အော် ငါးမွေးမြူရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးထွန်းက ပြောသည်။

မြိတ်မြို့အနီး ကျွဲကူး-ကျောက်ဖျာ မြစ်အတွင်း၌ တစ်နိုင်တစ်ပိုင် ကမာငုပ် လုပ်ငန်းငယ်များ ရှိနေပြီး ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာနှင့် ပန်းဇင်ကျေးရွာတို့တွင်လည်း အနည်းငယ် လုပ်ကိုင်လျက် ရှိကြောင်း ၎င်းက ပြောသည်။

ကမာမွေးမြူရေး လုပ်ငန်းသည် ဂျပန်နိုင်ငံတွင် အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့တွင်လည်း အောင်မြင်စွာ မွေးမြူလျက်ရှိကြောင်း သိရသည်။ 

Dawei  Watch