News

POST TYPE

POPULAR POST

ပြည်ပမှ ကွန်တိန်နာပုံးဖြင့် ရောက်လာသည့် ကိုကင်းအမှု စုံစမ်းဆဲ
12-Mar-2017
ရန်ကုန်၊ မတ် ၁၁

မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် အေးရှားဝေါလ် ဆိပ်ကမ်းသို့ ပြည်ပနိုင်ငံကူးသင်္ဘောဖြင့် ဝင်ရောက်လာသည့် ကွန်တိန်နာပုံးအတွင်းမှ ကိုကင်းများ တွေ့ရှိမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူရန် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒီအမှုနဲ့ ပတ်သက်ပြီး အင်းစိန်နဲ့ ရွှေပြည်သာ ရဲစခန်းမှာ အမှုနှစ်ခု ဖွင့်ထားတယ်၊ ဒီပစ္စည်းတွေက ဘရာဇီးကလာ တာလို့ ကနဦး သိရပြီး စင်ကာပူနိုင်ငံကနေ တစ်ဆင့် ရန်ကုန်ဆိပ်ကမ်းကို ရောက်လာခဲ့တာ၊ ပစ္စည်းတင်သွင်းသူကို အမှုဖွင့် အရေးယူထားတယ် ဆိုပေမယ့် လက်ရှိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး၊ စုံစမ်းနေဆဲပါ” ဟု ယင်းတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။ 

ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က MIP ဆိပ်ကမ်းရှိ ထုတ်ယူသွားသည့် ကွန်တိန်နာပုံး အတွင်းမှ  အလေးချိန် ကီလိုဂရမ် ၂၅၀ ရှိ ကိုကင်းများ တွေ့ရှိခဲ့ပြီး ရှစ်ရက်အကြာ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထီးတန်းအေးရှားဝေါလ် ဆိပ်ကမ်းမှ ထုတ်ယူသွားသည့် ကွန်တိန်နာပုံးအတွင်းမှ အလေးချိန် ကီလိုဂရမ် ၂၀၀ ရှိ ကိုကင်းများကို ထပ်မံတွေ့ရှိခဲ့သည်။

ကိုကင်းများ ပါရှိသည့် ကွန်တိန်နာ ပုံးများမှာ ပြည်ပမှ တင်ပို့လာသည့် သကြားအိတ်များနှင့်အတူ ရောနှောပါလာခဲ့သည်ကို ကွန်တိန်နာပုံး ဖွင့်ဖောက်သည့် စက်ရုံများမှ တာဝန်ရှိသူများက တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ အသိပေး တိုင်ကြားခဲ့ကြောင်း၊ အဆိုပါ အမှုကို အမေရိကန်၊ သြစတြေးလျ နိုင်ငံတို့ရှိ ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ ပူးပေါင်းစုံစမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03