News

POST TYPE

POPULAR POST

ကြော်ငြာဆိုင်းဘုတ်ဆိုင်ရာ လမ်းညွှန်ချက် JICA ရေးဆွဲ
12-Mar-2017
မန္တလေး၊ မတ် ၁၁

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များ ရှေးဟောင်းအဆောက်အအုံများနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ကြော်ငြာဆိုင်းဘုတ်များ ဖြစ်စေရန် လမ်းညွန်ချက်များ ရေးဆွဲနေကြောင်း ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ သိရသည်။

“ပုဂံဆိုတာက ဒီ (မြန်မာ) နိုင်ငံရဲ့ အချက်အချာကျတဲ့နေရာ ဖြစ်တယ်။ သူ့မှာ အခြားဒေသတွေနဲ့ မတူတဲ့ ရှုမျှော်ခင်းတွေ ရှိတယ်။ ထောင်နဲ့ချီတဲ့ ဘုရားတွေ ရှိ တယ်။ ဒါတွေက နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အရာတွေ ဖြစ်တယ်။ ဒါပေမဲ ပုဂံမှာက ကြော်ငြာဆိုင်းဘုတ်တွေ အလျင်အမြန် တိုးပွားနေတာကြောင့် ပြောင်းလဲသွားတယ်။ ပုဂံက ပုဂံအစစ်နဲ့ မတူတော့ဘူး။ ဒါတွေကို ထိန်းသိမ်းဖို့ဆိုရင် တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုတယ်” ဟု JICA ၏ ပုဂံဒေသခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် လက်ထောက်စီမံချက် တာဝန်ခံ ဒေါ်ယုယုလင်းက  ပြောကြားသည်။ 
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များနှင့် ပတ်သက်သည့် လမ်းညွန်များ ရေးဆွဲနိုင်ရန် သုတေသနလုပ်ငန်းများကို ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းက စတင်ခဲ့ကြောင်း၊ လမ်းညွန်ချက်များတွင် ဆိုင်းဘုတ်ပြုလုပ်သင့်သည့် အရွယ်အစား၊ အမျိုးအစားများ၊ ထားရှိသင့်သည့် တည်နေရာများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် ထားရှိသင့်သည့် အကွာအဝေး စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း ပုဂံဒေသ ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အရ သိရသည်။

“ကြော်ငြာဆိုင်းဘုတ်တွေက တချို့နေရာတွေမှ ဘုရားတွေကို အနှောင့်အယှက် ဖြစ်စေတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာက လုပ်ထားတဲ့ ပလတ်စတစ်ကမ်ပိန်းဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ  မရှိသင့်ဘူး။ ရှေးဟောင်းအဆောက်အအုံတွေနဲ့ဆိုရင် ဒါတွေက မကိုက်ညီဘူး” ဟု ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်နုက ထောက်ပြသည်။

လက်ရှိရေးဆွဲနေသော လမ်းညွန်ချက်များသည် မတ်လကုန်ပိုင်းတွင် အကြမ်းအဆင့် ပြီးစီးမည် ဖြစ်ကြောင်း၊ ယင်းနောက်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများထံ တင်ပြသွားမည် ဖြစ်ပြီး လမ်းညွန်ချက်များကို ဒေသခံများ အားချပြ၍ ဖြည့်စွက်သင့်သည်များ၊ ပယ်နုတ်သင့်သည်များ ပြုလုပ်မည်ဖြစ်ပြီး အချောသတ် လမ်းညွန်ချက်များကို ဒေသအာဏာပိုင်များ စီမံဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း JICA၏ ပုဂံဒေသ ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် လက်ထောက်စီမံချက် တာဝန်ခံ ဒေါ်ယုယုလင်းက ထပ်လောင်းပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသသို့ ပြည်ပခရီးသွား ဧည့်သည် ၂၈၃,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ) ရှိ စာရင်းများအရ  သိရသည်။ 

M-05