News

POST TYPE

POPULAR POST

မီးသတ်ဆေးဘူး မထားသည့်ဆိုင်များ ပိတ်သိမ်းသည်အထိ အရေးယူမည်
12-Mar-2017
မန္တလေး၊ မတ် ၁၁

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးများမှ ဆိုင်ခန်းများတွင် မီးသတ်ဆေးဗူး မထားပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးနှင့်သားသတ်ဌာန ဌာနခွဲမှူး ဦးသန်းဇော်ဋ္ဌေးက ပြောကြားသည်။

မန္တလေး စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းရှိ  မြို့နယ်ခြောက်ခုတွင် ဈေးပေါင်း ၄၀ ရှိရာ အဆိုပါ ဈေးများအားလုံး မီးဘေးကြိုတင်ကာကွယ်ရေး အတွက် စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း၊ မီးအသုံးပြုသည့် ဈေးဆိုင်တိုင်း မီးသတ်ဆေးဘူးများ ထားရှိရန် ညွန်ကြားထားပြီး ဖြစ်ကြောင်း၊ မလိုက်နာသည့် ဆိုင်များကို ကနဦး အနေနှင့် သတိပေးမှုများ လုပ်ဆောင်မည် ဖြစ်သော်လည်း ထပ်မံစစ်ဆေးရာ၌ လိုက်နာမှု မရှိကြောင်း တွေ့ရှိပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ဌာန အနေနဲ့ ဈေးကြီးတွေမှာ လစဉ် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ စားသောက်ကုန်နဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ၊ မီးဘေးကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ အခုကိစ္စက အထူးအလေးပြု ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်လို့ သတ်မှတ်ပြီး စစ်ဆေးနေတာ။ ဈေးတာဝန်ရှိသူတွေကိုလည်း အသိပညာပေးမှုတွေ လုပ်ထားတယ်” ဟု ၎င်းက ရှင်းပြသည်။

နွေရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကို လူတိုင်းဂရုပြုရန် လိုကြောင်း၊ ဈေးကြီးများတွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းရှင်များ အနေနှင့် အရေးပေါ် အသုံးပြုနိုင်မည့် မီးသတ်ဆေးဘူးများ ထားရှိရန်လိုကြောင်း မန္တလေးမြို့ ကိုင်းတန်းဈေးအတွင်း အထည်ဆိုင် ဖွင့်ထားသည့် ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်း ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ မီးလောင်မှုများ ဖြစ်ပေါ်နေသောကြောင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို အထူးကိစ အနေနှင့် သတ်မှတ်ကာ မြို့တော်စည်ပင်သာယာရေး ကော်မတီက ဈေးများကို အဓိကထား စစ်ဆေးနေခြင်း ဖြစ်သည်။ 

M-03