News

POST TYPE

POPULAR POST

ကိုဗစ်နဲ့ ဒဏ်ရာများအကြား ရုန်းကန်နေရတဲ့ မင်းရာဇာအမှုက အိမ်အကူအမျိုးသမီးငယ်
21-Jan-2021




ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး လူစိတ်ဝင်စားမှု အမြင့်ဆုံးမှာရှိခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာအိမ်က အိမ်အကူ မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်ဆိုတဲ့ အမှုဟာ အခုဆိုရင် ၈လကျော်ကြာမြင့်ခဲ့ပါပြီ။

ကိုဗစ်ကာလဖြစ်တာကြောင့် အမှုစစ်ဆေးတာတွေရပ်တန့်ထားပေမယ့် အိမ်အကူ မိန်းကလေးငယ်နဲ့ သူ့မိခင်ကတော့ သူတို့ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်းကနေ ရန်ကုန်ကိုပုံမှန်လာနေရပါတယ်။

သူမဟာ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာ၊ အက်ဆစ်နဲ့အပက်ခံရတာ၊ ခန္ဓာကိုယ်အောက်ပိုင်းကို ဓားနဲ့မွှန်းတာ၊ တူနဲ့ထုရိုက်မှု၊ စတဲ့ဒဏ်ရာတွေရခဲ့တယ်လို့ သတင်းဌာနတွေကိုထုတ်ဖော်ပြောကြားထားတာဖြစ်ပါ တယ်။

မင်းရာဇာကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး အိမ်အကူမိန်းကလေးကို အက်စစ်ဖြင့် မပက်ခဲ့သလို မုဒိမ်းမှုကျူးလွန်ခြင်းလည်းမရှိဘူးလို့ မြောက်ဥက္ကလာပတရားရုံးမှာ ရုံးထုတ်ချိန်တိုင်းလိုလိုမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

ရန်ကုန်မြို့အတွင်း သွားလာခွင့်များ ပိတ်ပင်ထားမှုကြောင့် တရားရုံးများလည်း ပိတ်ထားရပြီး၊  တရားရင်ဆိုင်မှု မပြုလုပ်ရသော်လည်း ရရှိထားတဲ့ ဒဏ်ရာများက လနဲ့ချီကြာမြင့်နေပြီဖြစ်ပေမယ့် အရှင်းမပျောက်သေးတဲ့အတွက်  ရန်ကုန်ဆေးရုံကြီးသို့ လာရောက် ဆေးကုသမှု ခံနေရသေးကြောင်း မိခင်ဖြစ်သူကဆိုပါတယ်။ လက်ရှိမှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်ဆေးရုံကြီးကို ဆေးရုံရက်ချိန်းပြန်ပြခဲ့တာလည်းဖြစ်ပါတယ်။ 

 “(ဒဏ်ရာတွေက) အညှော်မိတော့ ပြန်ကိုက်လို့ ဆေးရုံ ပြန်ပြနေရတာ” လို့ အိမ်အကူမိန်းကလေးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ 

ရန်ကုန်ကို ဆေးလာကုသည့် အခါတွင် ကားအကြိုအပို့မှာ ပရဟိတအသင်းမှ ကူညီပေးပြီး နေထိုင်ရန်အတွက် ဘုန်းကြီးကျောင်းတွင် တည်းခိုကာ၊ အစားအသောက်များကိုလည်း ယင်းဘုန်းကြီးကျောင်းကပဲ အခမဲ့ ကျွေးမွေးကြောင်း အိမ်အကူမိန်းကလေးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ 

“အရင်တုန်းက အခုလို အကူအညီတွေ မရတုန်းက ဆိုရင် ဆေးရုံတစ်ခါလာပြရင် အနည်းဆုံး တစ်သိန်းကုန်တယ်။ အခု နောက်ပိုင်း အကူအညီရတော့ နည်းနည်း ခံသာသေးတာပေါ့” လို့ သူမကဆိုပါတယ်။ 

အမှုစတင်ဖြစ်ပွားချိန်မှာ မြန်မာနိုင်ငံတွင်း ကိုဗစ်ပိုး ကူးစက်ခံထားရသည့် အချိန်ဖြစ်သည့် အတွက် ရုံးချိန်းများ ပုံမှန်ချိန်း ဆိုနိုင်ခြင်း မရှိသလို၊ ချိန်းဆိုစဉ်ကလည်း  တရားလိုဖြစ်တဲ့အိမ်အကူမိန်းကလေးရဲ့မိခင်ဘက်ကငွေကြေး အခက်အခဲကြောင့် ရုံးချိန်း ပုံမှန် မတက်ရောက်နိုင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်။

အမှုစတင်ဖြစ်ပွားခဲ့တဲ့ ဧပြီလအတွင်းကနေ ယနေ့အချိန် ရုံးချိန်းသို့ ခြောက်ကြိမ်သာ လာရောက်တက်ရသေးကြောင်း၊ အမှုမှာ ထူးခြားမှု အခြေအနေမရှိသေးသော်လည်း ယင်းအမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိဖို့ အတွက်မျှော်လင့်ထားကြောင်း တရားလိုဘက်က ဆိုပါတယ်။ 

ယင်းအမှုနှင့်ပတ်သက်ပြီး တရားရုံးများဘက်မှ အလုပ်မလုပ်၍ ကြန့်ကြာနေခြင်း မဟုတ်ဘဲ တစ်ချို့သော တရားသူကြီးများနှင့် တရားရေး ဝန်ထမ်းများမှာ ကိုဗစ်ပိုး ကူးစက်ခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း၊ ယခုဖြစ်သည့် အမှုကို လိုက် ပါဆောင်ရွက်သည့် နှစ်ဖက်ရှေ့နေများမှာလည်း အသက် ၆၀ ကျော်များ ဖြစ်နေသည့် အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်နေရကြောင်း တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် ၎င်းတို့၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ 

“အမှုက ကိုဗစ်ဖြစ်နေတော့ အခုတော့ လောလောဆယ်ဘာမှ ရှေ့သွားလို့ မရဘူး။ အမှုရပ်တန့်နေတာ ၃ လ လောက်တော့ ရှိနေပါပြီ။ တစ်ချို့က နားမလည်တဲ့ အခါကြတော့ တမင်သက်သက်ပဲ ကြိုက်ရာကို လုပ်သလို ထင်နေတယ်။ မဟုတ်ပါဘူး။ ကိုဗစ် ကိစ္စက အမျိုးသားရေးကိစ္စ ဖြစ်နေတဲ့ အတွက် တရားရုံးတွေရဲ့ ပိတ်ပြီး တားထားကိုတော့ ကျနော်တို့က လက်ခံရမှာ ဖြစ်ပါတယ်” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ 

ယင်းအမှုတစ်ခုပဲ ရပ်တန့်နေခြင်း မဟုတ်ဘဲ အမှုများအားလုံး  ရပ်တန့် နေခြင်းဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ရှင်းပြပါသည်။ 

စွပ်စွဲခံရသည့် မင်းသား မင်းရာဇာ အဓမ္မပြုကျင့်ခြင်း ခံရသည့် ကလေးငယ်၏ အသက်မှာ ၁၄ နှစ်သာ ရှိသေးပြီး ရရှိထားသည့်ဒဏ်ရာများကြောင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေပါ ပုံမှန် မဟုတ်နေသေးကြောင်း မိခင်ဖြစ်သူက ဆိုပါသည်။ 

“အဲ့လို သူ့ဒဏ်ရာတွေက အခုထိ နာနေပြီး ခံစားနေရတော့ တရားရုံးတွေ ပြန်ဖွင့်လို့ သူ့ကို စစ်ရင် အကုန် အမှန်တိုင်း ပြောမယ်တဲ့။ သူစိတ်နာနေတာ။  အခုအခြေအနေက လူကြားထဲ မပြောနဲ့ လမ်းမှာ သွားဖို့တောင်မှ မထွက်ရဲဘူးလေ။ ရှက်နေတာ။ လူတွေကို မျက်နှာချင်းလည်း မဆိုင်ရဲဘူးဖြစ်နေတာ” လို့ မိခင်ဖြစ်သူက သူ့သမီး အခြေအနေကို ပြောပြပါတယ်။ 

ယခုကာလမှာ အိမ်အကူ အလုပ်သမားတွေ အကြမ်းဖက်ခံရတဲ့ အမှုမှ မဟုတ်ဘဲ တစ်ချို့ အိမ်တွင်း အကြမ်း ဖက်မှုတွေ၊ ကလေးသူငယ် အကြမ်းဖက်မှုတွေ အစရှိသည့် အမှုများအားလုံး ကြန့်ကြာနေခြင်းဖြစ်ကြောင်း တရားရေးရာကုစားရေး အဖွဲ့ (မြန်မာ)ရဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်သလို တရားလွှတ်တော် ရှေ့နေလည်း ဖြစ်သူ ဒေါ်လှလှရီ က ဆိုပါတယ်။ 

“နိုင်ငံတော် အနေနဲ့လည်း ဒီလို အိမ်အကူ အလုပ်သမားတွေကို အကြမ်းဖက်မှု မဖြစ်အောင်နဲ့ ကူညီ ဆောင်ရွက်ပေး တာတွေကို လုပ်ဖို့ လိုတယ်။ ကာကွယ်တဲ့ ဥပဒေတွေ ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်” လို့ ဒေါ်လှလှရီက ဆိုပါတယ်။ 

ကာယကံရှင် မိသားစုမှာ ဧရာဝတီတိုင်း အတွင်းက ဆင်းရဲသည့် မိသားစု ဖြစ်ပြီး  ခင်ပွန်းဖြစ်သူမှာ ကျဘမ်းအလုပ်ဖြင့်သာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရကြောင်း ယင်းအမှုကို ရှေ့နေဖြစ်သူများမှာ အခမဲ့ လိုက်ပါဆောင် ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

“အစက အလှူရှင် အဖွဲ့အစည်းတွေက လှူတဲ့သူရှိတော့ နည်းနည်း အဆင်ပြေတာပေါ့။ အခုနောက်ပိုင်းကျ အလှူရှင်တွေလည်း မရှိတော့ဘူး။ ဒီရောဂါတွေနဲ့ဆို တခြားအလုပ်လည်း မရှိတော့ ငါးရှာ၊ ဖားရှာ လယ်ထဲမှာ အလုပ်လုပ်ပေါ့”   လို့ အိမ်အကူမိန်းကလေးရဲ့ မိခင်ကဆိုပါတယ်။

အိမ်အကူမိန်းကလေး၏ မိခင်မှ သမီးဖြစ်သူ၏ အကြမ်းဖက်ခံရမှုအတွက် မြောက်ဥက္ကလာပ တရားရုံး၌ မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်နှင့် မင်းရာဇာ၏ ယောက္ခမ ဖြစ်သူ(မဖူးငုံပွင့်၏ ဖခင်) ဦးမောင်မောင်အေးတို့ကို အိမ်အကူ မိန်းကလေးအား အက်စစ်ဖြင့် ပက်ခြင်း၊ တူဖြင့် ထုခြင်း၊ ဓားဖြင့် မွှန်းခြင်း စသည့်တို့အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၂၄ (သာမန် နာကျင် စေ မှု)၊ ၃၂၅ (အပြင်းအထန် နာကျင်စေမှု၊ ၃၅၄ (အမျိုးသမီး ကာအိန္ဒြေပျက်စီးစေမှု)၊ ၁၁၄ (အား ပေးကူညီမှု) တို့ဖြင့် စစ်ဆေးနေတာဖြစ်ပါတယ်။

မိုးမိုး/ Honest Information