News

POST TYPE

POPULAR POST

လွှတ်တော်အထူးအစည်းအဝေး ခေါ်မပေးခြင်းသည် UEC အနေနှင့် ကြောက်၍ဖြစ်နိုင်သည်ဟု တပ်မတော် တုံ့ပြန်
15-Jan-2021


နေပြည်တော်၊ ဇန်နဝါရီ ၁၄ 

တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီအချို့ရဲ့ကိုယ်စားလှယ် လေးပုံတစ်ပုံကျော်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုချက် ပယ်ချခံရတာဟာ UEC အနေနဲ့ မဲစာရင်းကွာခြားချက်တွေကို ကိုယ်စားလှယ်တွေက မေးလာမှာ ကြောက်လို့ဖြစ်တယ်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် တပ်မတော်ရဲ့သဘောထားကို ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

"တပ်မတော်အနေနဲ့ မဲစာရင်းကွာခြားမှုရှိနေခြင်းကို အချက်အလက်အထောက်အထားတွေနဲ့ ချပြနေတာလေ။ ဒုတိယအကြိမ်လွှတ်တော် နောက်ဆုံး နှုတ်ဆက်အစည်းအဝေးခေါ်ခိုင်းတာက ဒါတွေကိုတင်ပြချင်လို့။ ကိုယ်စားလှယ်ကမေးရင် လွှတ်တော်ကို UEC က လာဖြေရမယ်။ အခုတော့ မနေ့က လွှတ်တော်ခေါ်ဖို့ အစီအစဉ်မရှိဘူးလို့ သတင်းထုတ်ပြန်တယ်၊ ဘာကြောင့်လည်း လုပ်ရင်ရပါတယ်။ ကိုယ်စားလှယ်တွေမေးမှာ ကြောက်နေတယ် မဖြေချင်ဘူး၊ မရှင်းချင်တဲ့သဘောပေါ့ ဘာကြောင့်စွပ်စွဲထားမှုကို မဖြေရှင်းချင်တာလည်း ဒါမေးစရာရှိတယ်"

ဒုတိယအကြိမ် လွှတ်တော်အထူး အစည်းအဝေးခေါ်ပေးဖို့ ကြံ့ခိုင်ရေးပါတီနဲ့ အခြားပါတီတွေက လွန်ခဲ့တဲ့လတွေကတည်းက တောင်းဆိုခဲ့ကြပြီးအကြောင်း မပြန်တဲ့အတွက် ခုတစ်ကြိမ်မှာ တပ်မတော်ပါ ပါဝင်ပြီး တောင်းဆိုတာလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။ 

ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေပုဒ်မ ၄၀၂ ကို အကြောင်းပြပြီး လွှတ်တော်မခေါ်ပေးတာဟာ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။ ကိုဗစ်ရောဂါကို အကြောင်းပြတာဟာလည်း ခိုင်လုံမှုမရှိဘဲ တတိယအကြိမ်လွှတ်တော်ခေါ်မယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကိုဗစ်ရပ်သွားမယ်လို့ ဘယ်သူမှ အာမမခံနိုင်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ လေးပုံတစ်ပုံအရေအတွက်ဖြစ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၀ ဦး၊ ကြံ့ခိုင်ရေးပါတီက ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီက လေးဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီကတစ်ဦးနဲ့ တစ်သီးပုဂ္ဂလ နှစ်ဦး စုစုပေါင်း ၂၀၃ ဦးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်မှာ လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကလည်း ဥပဒေအမျိုးမျိုးနဲ့ ညွန်းဆိုပြီးတော့ ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးခေါ်ပေးဖို့ အစီအစဉ်မရှိကြောင်း ဇန်နဝါရီ ၁၂ ရက်မှာပဲ ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ 

ကိုထွန်း (VOM)