News

POST TYPE

POPULAR POST

နေအိမ်ကားဂိုဒေါင်အထိ လူညပ်ပါအောင် ယာဉ်တိုက်မှုကျူးလွန်သူကို ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်
29-Nov-2020


ရန်ကုန်၊ နိုဝင်ဘာ ၂၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက် ည ၁၂ နာရီခွဲခန့်က မော်တော်ယာဉ်ဖြင့် ဆိုင်ကယ်တစ်စီးကိုတိုက်ပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး နေအိမ်ကားဂိုဒေါင်အထိ ညပ်ပါအောင် ယာဉ်တိုက်မှုကျူးလွန်သူကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါယာဉ်တိုက်မှုကျူးလွန်သူမှာ အလုံမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဗဟန်းမြို့နယ်ဘက်မှ အလုံမြို့နယ်ဘက်သို့ ဓမ္မစေတီလမ်းအတိုင်း FORD အမျိုးအစားအနက်ရောင်ယာဉ်ကို မောင်းနှင်လာစဉ် ဓမ္မစေတီလမ်း၊ Happy Zone အနီးအရောက် Honda Wave အမျိုးအစား(အနီရောင်)ဆိုင်ကယ်ကို တိုက်မိခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်အနောက်မှ စီးနင်းလိုက်ပါလာသူ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးသည် နေရာတွင်ပွဲချင်းပြီးသေဆုံးကာ ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားမှာ မော်တော်ယာဉ် အောက်ပိုင်းဂျိုင်းဆက်နှင့် ဆီတိုင်ကြားညပ်ကာနေ အိမ်ကားဂိုဒေါင်အထိပါသွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ဆာကူရာဆေးရုံရှေ့လမ်းထဲမှာ အမျိုးသားတစ်ယောက်ကားအောက်က ချိတ်ပါလာတယ်ဆိုပြီး ဖုန်းဝင်လာတယ်။ အဲဒါနဲကျွန်တော်တို့ရောက်သွားတယ်။ ရောက်ပြီးတော့ ကနဦး ဂျိုင့်တွေ၊ ဘာတွေနဲ့ ထုတ်ကြည့်တယ်။ ပထမတော့ လူနာကသေပြီထင်တာ။ အမှန်က မသေဘူး။ ကျွန်တော်တို့သွားနှိုးကြည့်တဲ့အခါကျတော့ လူနာကညည်းတယ်။ ညည်းတော့ အသက်ရှိသေးတယ်။ အမြန်ဆုံးထုတ်မှရမယ်ဆိုပြီး နီးတဲ့ စမ်းချောင်းမြို့နယ် မီးသတ်စခန်းကို သတင်းပို့တယ်။ သတင်းပို့တဲ့အခါကျ မြို့နယ်မီးသတ်စခန်းကလည်း ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ထွက်လာပြီးတော့ ပူးပေါင်းကယ်ထုတ်ခဲ့ရတာ။”ဟု စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ ကိုရဲသူရိန် ကရှင်းပြသည်။

အဆိုပါညှပ်ပါသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားအား အလုံမြို့နယ်မီးသတ်စခန်းနှင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၇ ဦးဖြင့် ကယ်ထုတ်ခဲ့ရာ အချိန် ၂ နာရီခန့်အကြာ ကယ်ထုတ်ခဲ့ရကြောင်း၊ ယင်းအမျိုးသားမှာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် စမ်းချောင်းမြို့နယ်အရန် မီးသတ်တပ်ဖွဲ့ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“လူနာက ဒဏ်ရာတွေများတယ်၊ မေးစေ့တွေကွဲတယ်။ နောက်စေ့ဆိုရင် အရေပြားတွေ ပွန်းပဲ့ကုန်ပြီ။ ညာဘက် လက်မောင်း လက်ဖျံ နောက်ကျောကုန်းတွေမှာက ပွန်းပဲ့ရုံမကဘူး။ တောက်လျှောက် အဝေးကြီးဆိုတော့ညော်နံ့ တောင်ရနေပြီ။ အရေပြားတွေမရှိတော့ဘူး။အရိုးတောင်ပေါ်နေပြီ။ ခြေသလုံးဆိုရင် ကားရဲ့အိတ်ဇောနဲ့ ရှပ်တန်းနဲ့ဆီတိုင်ကီကြားထဲမှာ ညှပ်နေတာဆိုတော့တော်တော်ကိုမှ ခက်ခက်ခဲခဲကို ဖြတ်ထုတ်ပြီးတော့မှ ကယ်ခဲ့ရတာ။”ဟု ကိုရဲသူရိန်က ဆိုသည်။

အဆိုပါ မော်တော်ယာဉ်မောင်းနှင်သူကို ပုဒ်မ ၃၀၄ (က)၊ ၃၃၇၊ ၃၃၈ စသည့် ပုဒ်မများဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

S-08