News

POST TYPE

POPULAR POST

ဒုတိယသမ္မတဦးမြင့်ဆွေ (သို့မဟုတ်) စစ်သားနဲ့ မတူသော ဗိုလ်ချုပ်ကြီး
24-Nov-2020
ရုပ်သံနှင့် သတင်းဓာတ်ပုံများပေါ်က ခဲခြစ်ကောက်ကြောင်းများ



ရွေးကောက်ပွဲကြီး ပြီးစီးလို့သွားသည်။ နောက်ထပ် အစိုးရသစ်တစ်ရပ် မကြာမီ လအနည်းငယ်အတွင်း ပေါ်ထွက် လာတော့မည်။ သို့သော် လက်ရှိအစိုးရအဖွဲ့ဝင်များ၏ ခဲခြစ်ကောက်ကြောင်းများမှာ လူကုန်မဟုတ်။ မြင်သမျှ တွေ့သမျှကို ရေးခြစ်လာခဲ့သည်မှာ အများသဘောနှင့်လည်း ညီချင်မှညီပါလိမ့်မည်။ မိမိရေးခြစ် ခဲ့သမျှတွင် သမ္မတ၊ ဒုတိယသမ္မတနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအချို့လည်း ပါဝင်ပါသည်။ သမ္မတနှင့် ဒုသမ္မတတစ်ဦးပါဝင်ခဲ့ရာ ကျန်ရှိသော ဒုသမ္မတ တစ်ဦး၏ကောက်ကြောင်းများ ရေးခြစ်ရန်အတွက် ပျက်ယွင်းနေသလိုထင်ပါသောကြောင့်ဖြစ်သည်။

ထိုသူကား ဒုတိယအကြိမ်အစိုးရအဖွဲ့၏ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ သို့မဟုတ် စစ်သားပုံမပေါက်သည့် စစ်ဗိုလ်ချုပ်ကြီးအငြိမ်းစားပင်ဖြစ်သည်။ 

ဦးမြင့်ဆွေကို ၁၉၅၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် မန္တလေးမြို့  ၌ မွေးဖွားသည်။ မွန်တိုင်းရင်းသားနွယ်တစ်ဦး ဖြစ်သည်။ ၁၉၇၁ ခုနှစ်၊ စစ်တက္ကသိုလ်ဗိုလ်လောင်း အပတ်စဉ် ၁၅ ကျောင်းဆင်းတစ်ဦးဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် တပ်မ ၁၁ ဗိုလ်မှူးချုပ်၊ ၂၀ဝ၁ ခုနှစ်တွင် အရှေ့တောင်တိုင်း တိုင်းမှူးမှသည် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့ထမ်းဆောင်ခဲ့သည်။ ၂၀ဝ၄ ခုနှစ် စစ်ထောက်လှမ်းရေးအဖွဲ့အစည်းကို ဖျက်သိမ်းခဲ့ပြီးနောက် စစ်ဘက်ရေးရာလုံခြုံရေး အဖွဲ့အစည်း၏ အကြီးအကဲဖြစ်လာခဲ့သည်။ ၂၀ဝ၅ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးကို မွန်တိုင်းရင်းသားထဲမှ ပထမဦးဆုံးရရှိသူဖြစ်လာသည်။ ဇနီးသည်မှာ ဒေါ်ခင်သက်ဌေး ဖြစ်သည်။ သားတစ်ယောက်၊ သမီးတစ်ယောက်ထွန်းကားခဲ့သည်။

ရန်ကုန်တိုင်း စစ်တိုင်းမှူးဘဝနှင့် ထင်ထင်ရှား ရှားရှိခဲ့သည့်အဖြစ်အပျက်များမှာ ၂၀ဝ၂ ခုနှစ်တွင် ယခင်နိုင်ငံတော်သမ္မတဟောင်း ဦးနေဝင်းမိသားစု ဝင်များအရေး၊ ၂၀ဝ၄ ခုနှစ်တွင် တပ်မတော်ထောက် လှမ်းရေးအကြီးအကဲ ဦးခင်ညွန့် အပါအဝင် တပ်မတော် ထောက်လှမ်းရေးအဖွဲ့များအရေးနှင့် ၂၀ဝ၇ ရွှေဝါရောင် အရေးအခင်းများနှင့် ထင်ရှားသူဖြစ်သည်။ ထိုစဉ်က ကောလာဟလတစ်ခုမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နေရာအထိ သတင်းများပေါ်ထွက်ခဲ့သူတစ်ဦးဖြစ်သည်။ ၂၀၁၀ အရောက်တွင် အထွေထွေ ရွေးကောက်ပွဲများကျင်းပ၍ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေမှ ဦးမြင့်ဆွေသို့ ပြောင်းလဲခဲ့ပြီး နေသားတကျ ဖြစ်နေသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူးနှင့် ဆက်လက်လုပ်ကိုင်ခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲများအပြီး ဒုတိယအကြိမ်မြောက် အစိုးရအဖွဲ့တွင် တပ်မတော်သား ကိုယ်စားလှယ်များကတင်သွင်းသော ဒုသမ္မတလောင်း အဖြစ် တပ်မတော်သားကိုယ်စားလှယ်များက ၁၁ မတ်လ ၂၀၁၆တွင်တင်သွင်းပြီး ၁၅ မတ်လ၂၀၁၆ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ၂၁၃ မဲဖြင့် ဒုသမ္မတ (၁) အဖြစ် ရွေးချယ်ခံရသည်။ ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုကို ၃၀ မတ်လ ၂၀၁၆ တွင် ပြုလုပ်ပြီး ဒုတိယသမ္မတတာဝန်များ စတင်ထမ်းဆောင် သည်။ ၂၁ မတ်လ၂၀၁၈ တွင် သမ္မတဦးထင်ကျော် နုတ်ထွက်သွားသည့်အခိုက် ယာယီသမ္မတ တာဝန် များကို ထမ်းဆောင်ခဲ့သည်။

ဒုတိယသမ္မတတာဝန်နှင့် ငါးနှစ်တာကာလအတွင်း နေပြည်တော်၌သာ အထိုင်များသည်ကို သတိပြုမိသည်။  သမ္မတနှင့် ဒုသမ္မတ (၂) ကဲ့သို့  နိုင်ငံအတွင်း လှည့်လည်သွားလာသကဲ့သို့ ခရီးယာယီသွားလာမှုနည်းသည်။ မိမိသတိပြုမိသလောက်ဆို မရှိသလောက်ပင်ဟု ဆိုရမည်။ နေပြည်တော်၌သာ အထိုင်များ၍ နေပြည်တော်က ဒုတိယသမ္မတတစ်ဦး လို့ ဆိုချင်သည်။ သို့သော် သမ္မတဇာတာပါရှိလာသူဟု ပင် ဆိုရမည့်သူတစ်ဦးဖြစ်သည်။ ပထမအကြိမ် ၂၀၁၀ ရွေးကောက်ပွဲပြီး ဦးသိန်းစိန်အစိုးရလက်ထက် ဒုတိယ သမ္မတ (၁) ဦးတင်အောင်မြင့်ဦး နုတ်ထွက်သွားရာ၊ ထိုစဉ်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်သူ ဦးမြင့်ဆွေကို တင်မြှောက်ရန်ဖြစ်သော်လည်း သမက် ဖြစ်သူသည် သြစတြေးလျနိုင်ငံသားဖြစ်နေခြင်း အကြောင်းနှင့်ပတ်သက်ပြီး  ပျက်ပြယ်ခဲ့ရခြင်းဖြစ် သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ 

ဦးမြင့်ဆွေကို မြင်တွေ့ရပုံမှာ မိမိတစ်ဦးတည်း အမြင်အရ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ခဲ့သည်ဆိုသည် ထက် အညာကျေးလက်မှ သာမန်ကုန်သည်ပွဲစားတစ်ဦး နှင့်ပင် ပိုတူနေမလားဟူ၍ဖြစ်သည်။ အရပ်အမောင်းမှာ ငါးပေကျော် အတိအကျတော့မသိ၊ လက်ပြင်ကိုင်း ကိုင်းနှင့် စစ်သားတစ်ဦးလို တင်းရင်းမနေသည်က အမှန် ဖြစ်သည်။ မိမိအထက်တွင်ဆိုခဲ့သလို အရပ်ခပ်ပြတ် ပြတ်နှင့် အရပ်ပုသည်ဆိုနိုင်သည်အထဲ၊ အဝတ်အစား ဝတ်ဆင်ရာတွင်ပါ ကပိုကရို၊ သပ်သပ်ရပ်ရပ် မရှိပါ သောကြောင့် စမတ်ကျကျမဖြစ်ပေ။ ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီသော ချုပ်လုပ်မှုမရှိသောကြောင့် ဘယ်လို ဝတ်စုံကိုဝတ်ဝတ် ကြည့်ရသည်မှာ အဆင်မပြေ။ အထူးသဖြင့် ခန္ဓာကိုယ်ထက်ကြီးမား၍ ဥပမာ-တိုက်ပုံဝတ် ထားသည့်အခါမျိုးတွင် တိုက်ပုံ၏လက်သည် လူ့ခန္ဓာကိုယ်လက်ထက်ပိုရှည်၍ တစ်ခါတစ်ရံ လက်က တိုက်ပုံ အင်္ကျီလက်အတွင်း ဝင်နေသလားလို့တောင် ထင်မှတ်ရသည်။ ဝတ်စားဆင်ယင်မှုကို ဂရုမပြုသူတစ်ဦးဖြစ်မည်။ ထို့ကြောင့် အရပ်သားဝတ်စုံဝတ်ဝတ်၊ စစ်ဝတ်စုံကို ဝတ်ဝတ် ကြည့်ရသည်မှာ အဆင်မပြေဟု ထင်ရသူတစ်ဦးဖြစ်သည်။

အကြမ်းဖျင်းမြင်တွေ့ခဲ့ရသော အပြုအမူနှင့် ပတ်သက်ပြီး သတိပြုမိသည်မှာ တက်တကြွ်ကြွက လုပ်ကိုင်ဆောင်ရွက်တတ်သော အမူအရာမျိုး တွေ့ရ ခဲသည်။ မထုံတက်သေးဟူသောစကား ဥပမာကဲ့သို့ အေးတိအေးစက်နိုင်သော လူအမျိုးအစားတွင် ပါဝင်မည်ထင်သည်။ ထို့ကြောင့် အကဲခတ်ရခက်သော လူမျိုးဟုဆိုလျှင် မှန်မည်ထင်သည်။ မျက်နှာသွင်ပြင်မှာ ဝိုင်း၍ ခပ်ပြားပြားမျက်နှာ၊ အရေပြားခပ်ပါးပါး ဖြစ်မည်။ မြန်မာလူမျိုးတို့ ထုံးတမ်းစဉ်လာတစ်ခုလို လက်၏ ဘယ် ညာတွင် လက်စွပ်များ တစ်ခါတစ်ရံ ဝတ်ဆင်ထားလေ့ရှိသူတစ်ဦးဖြစ်သည်။

စစ်သားနှင့်မတူသော စစ်သားတစ်ဦးဖြစ်သူ၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းငြိမ်း၊ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၏ ဒုသမ္မတသက်တမ်း ငါးနှစ်တာကာလသည် မကြာမီ ကုန်ဆုံးတော့မည်ဖြစ်သည်။ သမ္မတ ဖြစ်ရမည်ဟူသောကံဇာတာ ပါရှိလာသူဖြစ်သောကြောင့် ထင်သည် ဒုတိယသမ္မတ တာဝန်များအပြင် သမ္မတတစ်ဦး၏တာဝန်များကိုပါ အချိန်ကာလတစ်ခုကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် နောက်ထပ် တစ်ဖန် ဒုသမ္မတတစ်ဦးအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များက မည်သူ့ကို ထပ်မံရွေးချယ် အတည်ပြုမည်ဆိုသည်က ငွေရောင်ပိတ်ကားထက်တွင် မိမိတို့ ဆက်လက်ရှုစားကြရပေဦးမည်။

သောင်းထိုက်ကို