POST TYPE
POPULAR POST
ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့ဆန္ဒလာပြသည်ကို ဝမ်းသာကြောင်း ကော်မရှင်ဆို
11-Nov-2020
နေပြည်တော် ၊ နိုဝင်ဘာ ၁၁
ရွေးကောက်ပွဲ ကော်မရှင်ကို ဆန္ဒလာပြသည့်ကိစ္စသည် ဝမ်းသာစရာဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားလိုက်သည်။
"ဆန္ဒပြတာကို ဝမ်းသာပါတယ်၊ ဒီမိုကရေစီခေတ်ပဲ" ဟု ၎င်းက ပြော ဆိုသည်။
နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၏ သတင်းစာရှင်းလင်းပွဲမတိုင်မီ ခွင့်ပြုချက်မဲ့ ဆန္ဒလာပြသောသူများ ရှိနေခဲ့ခြင်းကြောင့် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများတွင် လယ်ဝေးမြို့နယ် ဒက္ခိဏမြို့နယ်မှ မဲဆန္ဒရှင်ဆိုသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (နှင်းဆီ) ဝန်းရံသူဆိုသူများ ပါဝင်သည်ကို တွေ့ရသည်။
ဆန္ဒလာပြသူများသည် တစ်ဖွဲ့ပြီး တစ်ဖွဲ့ လာရောက်ခဲ့ခြင်းဖြစ်ပြီး တစ်ဖွဲ့လျှင် ၂၀ ကျော်ခန့်ဖြင့် အဖွဲ့ ၃ ဖွဲ့ ခန့် ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဆန္ဒလာပြသူများကို ရဲတပ်ဖွဲ့ အနေဖြင့် ဆန္ဒပြလိုပါက ခွင့်ပြုချက် ယူရန်နှင့် ရွေး/ကော်ရုံးရှေ့ မှ ပြန်လည် ထွက်ခွာသွားကြရန် ပြောဆိုခဲ့သည်။
ဆန္ဒပြသူများမှာ ရွေးကောက်ပွဲ ရလဒ်နှင့် ကော်မရှင်ကိုအယုံအကြည်မရှိ ကြောင်း ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးစေလိုကြောင်း ဆိုင်းဘုတ်များကို ကိုင်ဆောင်ထား ကြသည်။
ဆန္ဒပြချိန်မှာ နေ့လယ် ၂ နာရီ ခန့်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် လုံခြုံရေးအင်အား၊ ကားအင်အား များဖြင့် ပိတ်ဆို့ကာ တာဝန်ယူထားသည်ကိုလည်း တွေ့ရသည်။
ရွေးကောက်ပွဲကို တပ်မတော်နှင့် UEC ပူးပေါင်းပြီး ပြန်လည်ကျင်းပပေးရန် ကြံ့ခိုင်ရေးပါတီက ရန်ကုန်ရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ကော်မရှင်အနေဖြင့် ယခု နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲ ရလဒ်ကိုသာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများ အနေဖြင့် စိုးရိမ်မှု မထားစေလိုကြောင်း ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က မီဒီယာများကို ပြောကြားခဲ့သည်။
S-01
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
27-Jan-2021
-
27-Jan-2021
-
27-Jan-2021
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021