News

POST TYPE

POPULAR POST

မိခင်ဖြစ်သူ အနံ့အာရုံ ခံမရသည်ကိစ္စ မောင်နှမ နှစ်ဦး စကားများရာမှ လူသတ်မှုဖြစ်
21-Oct-2020


ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့တွင် မိခင်ဖြစ်သူမှ အနံ့အာရုံခံမရဖြစ်နေစဉ် ပျော်မြူးစွာဖြင့် ကပြနေသော အစ်မတော်စပ်သူကို လက်သီးဖြင့်ထိုးသည့် အမျိုးသား ဓားဖြင့်ထိုးသတ်ခံရမှု ဖြစ်ပွားခဲ့သည်။

အနံ့အာရုံ ခံစားလို့မရသူ အမျိုးသမီးမှာ ထောက်ကြန့်မြို့၊ပတ္တမြားမြို့သစ်တွင် နေထိုင်သူဖြစ်ပြီး အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ၎င်းမှာ အနံ့အာရုံ ခံစား၍ မရကြောင်း ချွေးမဖြစ်သူ မဖြိုးမေကျော်ကို အသိပေးခဲ့သည်။

မဖြိုးမေကျော်မှ ၎င်းနေအိမ်သို့ပြန်ပြီး ခင်ပွန်းဖြစ်သူကိုရဲလင်းအောင်ကို ယင်းကိစ္စအား အသိပေးခဲ့ရာ 
ကိုရဲလင်းအောင်က ကျေးလက်ကျန်းမာရေး
ဌာနသို့ ဆက်သွယ်ပြီး ညွှန်ကြားချက်အတိုင်း ၎င်း၏ မိခင်ဖြစ်သူကို သီးခြားနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မိခင်အသုံးပြုရန် လက်အိတ်နှင့် လက်သန့်ဆေးများကို သွားဝယ်ပြီး
နေအိမ်သို့ ပြန်လာ၍ အိမ်အတွင်း ဆေးဖြန်းရန် ပြုလုပ်နေစဉ် မိခင်နှင့်အတူနေထိုင်သော အစ်မတော်စပ်သူ မအေးသန္တာကျော်က မိခင်ဖြစ်သူ အနံ့အာရုံ ခံမရသည့်ကို ကြားသိ၍ ပျော်မြူးစွာ ကခုန်နေသဖြင့် မောင်နှမနှစ်ဦး စကားများရန်ဖြစ်ခဲ့ကြသည်။

စကားများရန်ဖြစ်စဉ် ကိုရဲလင်းအောင်က အစ်မဖြစ်သူ မအေးသန္တာကျော်ကို လက်သီးဖြင့် ထိုးရာ မအေးသန္တာကျော်မှလည်း ဓါးမြှောင်ဖြင့် ၎င်းကို ပြန်ထိုးခဲ့သဖြင့် ကိုရဲလင်းအောင် ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့သည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်မှ မအေးသန္တာကျော်ကို
ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၁၂၀၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၃၀၂ အရ အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03