News

POST TYPE

POPULAR POST

NLD က လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂ ဦး အပြောင်းအလဲပြုလုပ်
02-Aug-2020
ရန်ကုန်၊ သြဂုတ် ၁ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများအနက် ၁၂ ဦးကို အပြောင်းအလဲ ပြုလုပ်ထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က The Voice Daily သို့ အတည်ပြုပြောကြားသည်။

“တစ်နိုင်ငံလုံး၊ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ၁၂ ဦးပါ။ အတိအကျတော့ မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြောင်းလဲလိုက်တဲ့ ကိုယ်စားလှယ်လောင်းများ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။ သက်ဆိုင်ရာကော်မရှင်နဲ့ အလုပ်အမှုဆောင်တွေပဲ အကြောင်းကြားပါတယ်။ အဓိကကတော့ ကျွန်တော်တို့ အောင်နိုင်ငံရေးအတွက်ပဲ စဉ်းစားတာပါ။ ကိုယ်စားလှယ်တွေက အရည်အချင်းမပြည့်မီလို့ မဟုတ်ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင်လ ၂၃ ရက်နေ့က စုစုပေါင်း ၁၁၃၁ ဦးထုတ်ပြန်ထားပြီး ယင်း ၁၁၃၁ ဦးသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး။ ပြည်နယ်လွှတ်တော်နေရာများနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာများ အပါအဝင်ဖြစ်သည်။

ပါတီအောင်နိုင်ရေးကိစ္စများ စဉ်းစားသည့်အခါတွင် အကြောင်းအမျိုးမျိုးရှိ ကြောင်း၊ ဥပမာ- မြန်မာပြည်သို့ ပြန်လည် ရောက်ရှိနေထိုင်သည်မှာ ၁၀ နှစ် မပြည့်ပါက အောင်နိုင်ရေးထိခိုက်နိုင် သည့်ကိစ္စမျိုး စသည့်အချက်များရှိကြောင်း၊ ၎င်းအနေနှင့် ယင်းအချက်အလက်များကို အတိအကျမပြောကြားလိုဘဲ အလားတူကိစ္စများ ထပ်မံပေါ်ပေါက်လာပါက ပါတီဗဟိုအနေနှင့် အများကြီးပြောရနိုင်ကြောင်း ဒေါက်တာမျိုးညွန့်က ဆက်လက်ရှင်းပြသည်။

ယင်းကဲ့သို့ ရွေးချယ်မခံရသည့် ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်ပြီး ပါတီအနေနှင့် မည်သို့လုပ်ဆောင်သွားရန် ရှိသည်ကိုမေးမြန်းရာ “ဒီရွေးကောက်ပွဲမှာ ရွေးချယ်ခြင်းမခံရတဲ့ ကိုယ်စားလှယ်တွေဟာ မိမိတို့ရဲ့ ပုဂ္ဂိုလ်ရေးနေရာရမှုထက် အဖွဲ့ချုပ်ရဲ့အောင်နိုင်ရေးကို စွမ်းစွမ်းတမံပြန်လုပ်မယ်ဆိုရင်တော့ အထူးဂုဏ်ယူ လေးစားရတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါမယ်။ ဒီတစ်ချိန်မပါပေမယ့် နောင်တစ်ချိန်မှာ အဖွဲ့ချုပ်ရဲ့လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရှိမယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

S-08