News

POST TYPE

POPULAR POST

ရုပ်သံနှင့် သတင်းဓာတ်ပုံများပေါ်က ခဲခြစ်ကောက်ကြောင်းများ
07-Jul-2020


မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သို့မဟုတ် မြန်မာပြည်၏ ဒူတာတေး

နှစ်ခြိုက်မိလို့ ရေးချင်သည်။ ရေးစရာရှိလို့ ရေးချင်သူများစာရင်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူ့ကို ရင်းနှီးသူများက ဆရာဇော်၊ ဒေါက်ဇော်ဟူ၍ အမည်နာမပြုသည်။ ရပ်ထဲရွာထဲ ချစ်စနိုးဖြင့် ခေါ်သည်က ဒူတာတေး။ ဖိလစ်ပိုင်နိုင်ငံသမ္မတကြီး ဒူတာတေးနှင့် ရုပ်ဆင်းအင်္ဂါံအရ ခပ်ဆင်ဆင်မို့ မြန်မာပြည်၏ဒူတာတေးလို့ ခေါ်ကြသည်။

ခေါ်မည်ဆိုလည်း ခေါ်ထိုက်သည်။ မျက်နှာသွင် ပြင်လက္ခဏာ၊ မေးရိုးဖွဲ့စည်းမှုနှင့် နှာတံအကျတွင် ပွ၍နေသည်မှာ အတော်တူသည်။ သို့သော် အသားအရေအရ ကွာခြားမှုရှိမည်ထင်သည်။ မန္တလေး အမရပူရ သား၊ အညာသားစစ်စစ်မို့ထင်သည် ဒေါက်တာ ဇော်မြင့်မောင်က ညိုတိုတို၊ နောက်ပိုင်းတွေ့မြင်ရ သည့် ဓာတ်ပုံများတွင် ကျန်းမာရေးကြောင့် ဆေးဒဏ် များကြောင့်ထင်သည် မည်းသည့်ဘက်ကို ရောက်လာသည်။ မည်းသည်က မီးကျွမ်းထားသည့် သစ်တစ်ပင်၏ အရောင်လိုဖြစ်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သက်တော် ရှည် အမတ်တစ်ဦး၊ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို ၁၁ ဒီဇင်ဘာလ ၁၉၅၁ ခုနှစ်တွင် မွေးဖွားသည်။ ဆေးပညာဘွဲ့ကို ၁၉၇၉ မန္တလေး ဆေးတက္ကသိုလ်မှ ရရှိခဲ့သည်။ နိုင်ငံဝန်ထမ်း အဖြစ် စစ်ကိုင်းတိုင်း ရွာသစ်ကြီးတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၁ မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတု သရုပ်ပြဆရာအဖြစ် ထမ်းဆောင်ခဲ့ပြီး၊ ဆေးပညာမဟာသိပ္ပံ ဇီဝဓာတု ပထမနှစ် သင်တန်းကို ၁၉၈၅ တွင်အောင်မြင်သည်။ ၈၈ အောက်တိုဘာလ တွင် ရန်ကုန်သို့ပြောင်းရွှေ့ခွင့် ဖြစ်လာသော်လည်း နုတ်ထွက်ခွင့်တင်၍ ဒီဇင်ဘာ ၁၉၈၈ တွင် နိုင်ငံဝန်ထမ်း အဖြစ်မှနုတ်ထွက်ခဲ့ပြီး အမရပူရတွင် ကိုယ်ပိုင်ဆေးခန်းဖွင့် အသက်မွေးခဲ့သည်။

ဒေါက်တာဇော်မြင့်မောင်၏ မျိုးရိုးမှာ ဇီဝက မျိုးရိုးလို့ ခေါ်ရမည်ထင်သည်။ ဖခင်ဖြစ်သူမှာ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာချစ်မောင်၊ ဇနီးသည်နှင့် သားသမီးနှစ်ဦးစလုံးမှာလည်း ဆေးပညာဘာသာရပ် ဘွဲ့ရရှိသူများဖြစ်သည်။

နိုင်ငံရေး ရေဆန်လမ်းကို ဖြတ်ခဲ့သူဖြစ်သည်။ ထို့အတွက် နိုင်ငံရေးလောကဒဏ်ကိုလည်း ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမရပူရ မဲဆန္ဒနယ် (၁) မှ ရွေးချယ်ခံခဲ့ရသော်လည်း ထိုစဉ်က ယာယီအစိုးရဖွဲ့စည်းရေး လျှို့ဝှက်ဆောင်ရွက်ခြင်း ပုဒ်မများနှင့် ၂၂ နိုဝင်ဘာ ၁၉၉၀ တွင်ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ၂၁ ဖေဖော်ဝါရီ ၂၀၀၉ တွင် မြစ်ကြီးနားထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ထောင်သက်စုစုပေါင်း ၁၉ နှစ်ကြာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

အခုလည်း လူကီးမီးယား သွေးကင်ဆာရောဂါကိုလည်း ဒူးမထောက် ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းနေ သူတစ်ဦး စိတ်ဓာတ်ခွန်အား ခိုင်မာသူတစ်ဦးလို့ ဆိုချင်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီက တာဝန်ပေးမည်ဆိုပါက ကိုယ်စားလှယ်အဖြစ် ပြန်လည်အရွေးခံမည်ဟုဆိုနေသူဖြစ်သည်။ ဒီလိုတွေ ခံနိုင်ရည်ရှိလာအောင် ထောင်သွင်းအကျဉ်းစံဘဝ တွေကများ မီးပြင်းတိုက်ခဲ့သလားဟု မိမိက တွေးမိသည်။

ဒေါက်တာဇော်မြင့်မောင်ကို မိမိသုံးသပ်မိ သည်က စကားြွကယ်ပုံရသည်။ အညာသား မန္တလေး သားမို့လား မသိ။ နိုင်ငံရေးသမားတစ်ဦးအတွက် အရေးကြီးသည့် ရိုးဂုဏ်ကို ဒေါက်တာဇော်မြင့်မောင် တွင် မြင်ရသည်။ ခေတ်စကားဖြင့်ပြောရရင် ပဲမများသူ ဖြစ်သည်။ အများနှင့် ပျော်ဝင်လွယ်သူတစ်ဦးလို့လည်း မြင်သည်။ မြင်သည့်၊ တွေ့သည့်လူနှင့် အသားကျအောင် နေထိုင်ပြောဆိုတတ်သည့် ဂုဏ်သတ္တိနှင့် ပြည့်စုံခြင်း ဖြစ်သည်။ စကားပြောစွမ်းရည်နှင့် ပြည့်စုံသူတစ်ဦးဖြစ် ကြောင်း သူနှင့်အင်တာဗျူးအကြောင်းအရာများကို ကြည့်တာနှင့် သိသာသူတစ်ဦးဖြစ်သည်။ အာဝဇ္ဇန်း ကောင်းသူဖြစ်သည်။ တစ်ခုပဲရှိသည် တိုက်ပုံတောင် မိမိခန္ဓာကိုယ်နှင့် ကိုက်ညီသပ်ရပ်အောင် မဝတ်ဆင် တတ်သူတစ်ယောက်ဖြစ်သည်။

မိမိနှစ်သက်မိသည့် ရုပ်သံပြကွက်တစ်ခုမှာ မန္တလေး တွင်ပြုလုပ်သည့် လူထုထောက်ခံပွဲ ဒေါ်အောင်ဆန်း စုကြည်နှင့် ပတ်သက်သောပွဲတစ်ခုဖြစ်မည်။ အားကစား ကွင်းစင်မြင့်ရှေ့ မြေပြင်တွင် ဖိနပ်ကိုဖင်ခုထိုင်ထားသည်က ဝန်ကြီးချုပ်တစ်ယောက်နှင့်တောင်မတူ။ အနှီပုဂ္ဂိုလ်ကို သတင်းထောက်တစ်ဦးက အင်တာဗျူး ရာ၊ မိမိမှတ်မိသလောက် အမှတ်မမှားသည်က ယခု လိုပွဲကို မည်ကဲ့သို့ထင်ကြောင်း၊ ဘာကြောင့် လာ ရောက်ရပါသနည်း စသဖြင့် မေးခွန်းကို ဖြေကြားနေပုံရသည်။ မှတ်မိသည်က ကျွန်တော်တို့ခေါင်းဆောင်ကို ထောက်ခံဖို့ရောက်လာတာ စသဖြင့် ဖြေကြားနေရာ၊ နောက်ဆုံး သတင်းထောက်မေးသည့်မေးခွန်းကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက်ဆိုသလို ထိုင်နေရာ မှထခုန်ပြီး “ဟ လုပ်ကြပါဦး ဘယ်ကလဲ၊ ဘယ်သူလဲ” စသဖြင့် သောသောညံကုန်သည်။ ဒေါက်တာ ဇော်မြင့်မောင်ကို သတင်းထောက်မေးမြန်းခဲ့သည့် နောက်ဆုံးမေးခွန်းက “ဦးလေးနာမည် ဘယ်လို ခေါ်ပါသလဲ” ဟူ၍ဖြစ်သည်။ သတင်းထောက်ဆိုသူ၏ လိုအပ်ချက်လား၊ ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် က ဘယ်လို လိုအပ်ချက်တွေရှိ နေသလဲဆိုသည်မသိ။ ဘာပဲပြောပြောသည်လို အများနှင့်ပျော်ဝင်လွယ်သူက မန္တလေးတိုင်းဝန်ကြီးချုပ် သို့မဟုတ် မြန်မာပြည်ရဲ့ ဒူတာတေးခေါ် ဒေါက်တာဇော်မြင့်မောင်ပင် ဖြစ်သည်။

သောင်းထိုက်ကို