News

POST TYPE

POPULAR POST

ဗဟိုဘဏ်က ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဇွန်လအတွင်း ဒေါ်လာ ၃၉ သန်းကျော် ဝယ်ယူ
01-Jul-2020
ရန်ကုန်၊ ဇွန် ၃၀

ပြည်တွင်းဒေါ်လာ ဈေးအတက် အကျကို ထိန်းညှိနိုင်ရန် ဗဟိုဘဏ်သည် ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၃၉ သန်းကျော်ကို ဈေးပြိုင်လေလံစနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုင်ငံခြားငွေဈေးပြိုင်လေလံ ထုတ် ပြန်ချက်များအရ သိရသည်။

ဗဟိုဘဏ်သည် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ လေလံစနစ်ဖြင့် ဈေး ကွက်အတွင်း ၁၃ ကြိမ်အထိ ဝင်ရောက် ဝယ်ယူခဲ့ပြီး အမြင့်ဆုံးဈေး ၁၄၀၀ ကျပ်မှ အနိမ့်ဆုံး ၁၃၇၈ ကျပ်အတွင်း ဝယ်ယူခဲ့ ခြင်းဖြစ်သည်။

လက်ရှိဒေါ်လာဈေးနှုန်းသည် ဇွန်လ ၃၀ ရက်နေ့တွင် ဇွန်လအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိနေပြီး ဗဟို ဘဏ်က ဒေါ်လာ ၃ ဒသမ ၈ သန်းအထိ ဝယ်ယူခဲ့သည်။

“ဗဟိုဘဏ်က ဈေးကွက်ထဲမှာ ဒေါ်လာ ဈေးအတက်အကျ သက်သာအောင် ဈေးဝင်ထိန်းတာဖြစ်တယ်။ ဈေးကျချိန်မှာဝယ်ပြီး ဈေးနှုန်းတည်ငြိမ်အောင် လုပ်ပေးတာ” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

ဗဟိုဘဏ်သည် ဇွန်လအတွင်း တစ်ရက်လျှင် ဒေါ်လာ ၅ သိန်းမှ အမြင့်ဆုံး ဒေါ်လာ ၃ ဒသမ ၈ သန်းအထိ ဝယ်ယူခဲ့ပြီး ဇွန်လ ၂၂ရက်နေ့နောက်ပိုင်းတွင် ဈေးကွက်အတွင်း ဒေါ်လာဈေးကျဆင်းမှုများ ရှိသည့်အတွက် ဇွန်လ ၃၀ ရက်နေ့အထိ ပိတ်ရက်မှအပ နေ့စဉ်ပြန်လည်ဝယ်ယူခဲ့ကြောင်း ဗဟိုဘဏ်စာရင်းများအရ သိရ သည်။

လက်ရှိဒေါ်လာ ပြင်ပပေါက်ဈေး သည် ဇွန်လ ၃၀ ရက်တွင် တစ်ဒေါ်လာလျှင် အဖွင့်ဈေး ၁၃၈၂ ကျပ်ဖြင့် စတင် ခဲ့ပြီး ညနေ ၄ နာရီ အပိတ်ဈေးတွင် ၁၃၇၆ ကျပ်သို့ ကျဆင်းခဲ့ကြောင်း ပြင်ပဒေါ်လာလဲလှယ်ရေးစင်တာများထံမှ သိရသည်။

ပြင်ပဒေါ်လာပေါက်ဈေးသည် ဇွန်လ အတွင်း အမြင့်ဆုံး ၁၄၁၃ ကျပ်အထိ ရှိခဲ့ ရာမှ လက်ရှိတွင် လကုန်ပိုင်းမှစတင်ကာ ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်း လျက်ရှိသည်။

အမေရိကန်ဒေါ်လာဈေးကွက် သည် COVID-19 ဖြစ်ပွားစဉ်ကာလအတွင်း ကျဆင်းလျက်ရှိပြီး အနိမ့်ဆုံး ၁၃၀၀ ကျပ်အထိ ကျဆင်းခဲ့ပြီး လက်ရှိ တွင် ၁၃၇၀ ဝန်းကျင်မှ ၁၄၀၀ ဝန်းကျင် အတွင်း အတက်အကျပုံမှန်ဖြစ်ပေါ်နေကြောင်း ဒေါ်လာဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

J-03